ဗြိတိန် သတင်းထောက် ဒွန်ဖီးလစ်ပ်စ် နဲ့ သူ့ရဲ့ ဘရာဇီးလ်လမ်းပြဖြစ်သူ တိုင်းရင်းသားရေးရာ ပညာရှင် ဘရူနို ပရေးရာတို့ ပျောက်ဆုံးမှုအတွက် သံသယရှိတဲ့ ဘရာဇီး နိုင်ငံသားတွေက သူတို့ ၂ ယောက်ကို သတ်ဖြတ်ပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို တစစီ ဖြတ်တောက်ပစ်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ဇွန် ၁၅ ရက် CNN သတင်းမှာ ဖော်ပြပါတယ်။
အဲဒီနေ့ အစောပိုင်းက သံသယရှိသူနှစ်ဦးအား သတင်းထောက်တွေ ပျောက်သွားတဲ့ မြစ်ဆီကို ရဲတွေက ခေါ်သွားခဲ့ပါတယ်။
လူသတ်မှုအတွက် သံသယရှိသူ နှစ်ဦးကို ဖမ်းဆီးထားပြီး ဖီးလစ်ပ်စ်နဲ့ ပရေးရာတို့ကို ရှာနေတုန်းပဲလို့ ပြည်ထောင်စုရဲတပ်ဖွဲ့က ဇွန် ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
သံသယရှိသူတွေရဲ့ ဝန်ခံချက်အပေါ် ရဲတပ်ဖွဲ့က မှတ်ချက်မပေးခဲ့ပါဘူး။
သံသယရှိသူတွေဟာ ပေလာဒိုလို့ လူသိများတဲ့ ငါးဖမ်းသမား အမာရေလိုဒါ ကို့စ်တာ နဲ့ အိုဆေနီဒါ ကို့စ်တာ တို့ပါ။
အမာရေလိုဒါဟာ အရင်အပတ်က လက်နက်မှုနဲ့ အဖမ်းခံခဲ့ရပြီး သူ့ကို ရဲတွေက လူပျောက်မှုမှာ ပါဝင်ပတ်သက်သလားဆိုတာ စစ်ဆေးနေတုန်း အိုဆေနီဒါကို ဇွန် ၁၄ ရက်ညမှာ ဖမ်းဆီး ခဲ့ပါတယ်။
သံသယရှိသူတွေရဲ့ မိသားစုက သူတို့ဟာ လူပျောက်အမှုနဲ့ မပတ်သက်ဘူးလို့ ငြင်းဆိုထားပါတယ်။
“ဌာနေတိုင်းရင်းသား ကျွမ်းကျင်သူ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အလုပ်လုပ်နေရတဲ့ အခြေအနေက အပူတပြင်းပါပဲ။ သူတို့ဟာ အလုပ်ပိ၊ တုန်လှုပ်၊ မောပန်းနွမ်းနယ် နေပြီး၊ ဌာနေတိုင်းရင်းသားတွေလိုပဲ အထောက်အပံ့တွေ အားလုံး လိုအပ်ပါတယ်” လို့ ပရေးရာ အလုပ်လုပ်ခဲ့တဲ့ အစိုးရ ဌာနေတိုင်းရင်းသားရေးရာအေဂျင်စီ FUNAI က ဌာနေတိုင်းရင်းသား ကျွမ်းကျင်သူ ပညာရှင် လီယိုပိုဒို ဘာဘိုဆာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။