close

ဘရာဇီးရဲတပ်ဖွဲ့

close

May 25, 2022

ဘရာဇီးတွင် မူးယစ်မှောင်ခိုဂိုဏ်းနှင့် ရဲတပ်ဖွဲ့ ပစ်ခတ်မှုဖြစ်ပြီး ၂၁ ဦးသေဆုံး

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့ မြောက်ပိုင်းက ဆင်းရဲသားရပ်ကွက်ထဲမှာ ရဲတွေက မူးယစ်ကုန်ကူးတဲ့ အဖွဲ့အစည်း ခေါင်းဆောင်တွေကို မေ ၂၄ ရက်က ဝင်ရောက်စီးနင်းလို့ လူ ၂၁ ယောက် အသေပစ်သတ်ခံရပါတယ်။

ဗီလာ ခရူဇေးရို ဖာဗေလာ ဆင်းရဲသားရပ်ကွက်ထဲမှာ မူးယစ်မှောင်ခို ဂိုဏ်းဝင်တွေနဲ့ ရဲတွေ အပြန်အလှန် ပစ်ခတ်ကြရင်း သေဆုံးသူတွေထဲမှာ အမျိုးသမီးတယောက်လည်း ပါပါတယ်။

တခြားသေဆုံးသူတွေကတော့ စစ်ဆင်ရေးကို ခုခံရင်း ရဲတွေကို အော်တိုမက်တစ် လက်နက်တွေနဲ့ ပစ်ခတ်ခဲ့တဲ့ ဂိုဏ်းဝင်လို့ သံသယရှိသူတွေလို့ ရဲတွေက ပြောပါတယ်။

ဗီလာခရူဇေးရို ရပ်ကွက်နားက သစ်တောထူတဲ့ ဒေသထဲမှာ မနက် ၄ နာရီက စပြီး အကြီးအကျယ် ပစ်ခတ်နေလို့ ဆင်းရဲသားရပ်ကွက်ထဲမှာ ကြောက်လန့် ချောက်ချားခဲ့ကြတယ်လို့ ဒေသခံတွေက လူမှုကွန်ရက်တွေပေါ်ကနေ ပြောခဲ့ပါတယ်။

ရဟတ်ယာဉ်တွေ ပစ်ကူပေးထားတဲ့ ရဲစစ်ဆင်ရေးဟာ ရီယိုမြို့ရဲ့ အကြီးဆုံး ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်တွေကို ပစ်မှတ်ထားတာပါ။

ကိုမန်ဒို ဗာမယ်ဟိုလို့ ခေါ်တဲ့ ဒီဂိုဏ်းဟာ ဗီလာခရူဇေးရို ရပ်ကွက်ထဲမှာ ပုန်းအောင်းနေတယ်လို့ ရဲစုံထောက်တွေက ဆိုပါတယ်။

ရဲတွေဟာ ရာဇဝတ်သားတွေသုံးတဲ့ မော်တော်ဆိုင်ကယ်တွေ၊ ကားတွေ၊ ဗုံးတွေ၊ ပစ္စတိုတွေနဲ့ တိုက်ခိုက်ရေး ရိုင်ဖယ်တွေကို သိမ်းယူရရှိခဲ့တယ်လို့ ရဲက ပြောပါတယ်။

သေဆုံးသူ အမျိုးသမီးကတော့ အနားက ချာတူဘာ ဆင်းရဲသားရပ်ကွက်မှာ နေသူဖြစ်ပြီး ချော်ထွက်လာတဲ့ ကျည်သင့်လို့ သေဆုံးတာပါ။

အခုလို ရဲတပ်ဖွဲ့ဝင်တွေနဲ့ မူးယစ်မှောခိုင်ဂိုဏ်းဝင်တွေ ပစ်ခတ်မှုကြောင့် ကျောင်းတွေကိုလည်း ပိတ်ထားရပါတယ်။

မနှစ်က ရီယိုမြို့ ဆင်းရဲသားရပ်ကွက်တွေမှာ မူးယစ်ကုန်ကူးသူတွေနဲ့ ရဲတွေကြား ထိပ်တိုက်တွေ့ပြီး လူ ၂၈ ယောက် သေဆုံးခဲ့ပါတယ်။

13 mins Ago

May 27, 2020

ရီယိုဒီဂျနေယိုးအုပ်ချုပ်ရေးမှူး၏ နေအိမ်ကို ဘရာဇီးရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း

ဘရာဇီးရဲတပ်ဖွဲ့ဟာ အကျင့်ပျက်ခြစားမှု စုံစမ်းရေးတာဝန်နဲ့  ရီယိုဒီဂျနေယိုးပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်တွေကို မနေ့က  ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပါတယ်။   ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ရည်ရွယ်တဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကို  သုံးစွဲတာ အပါအဝင်  ခြစားမှုကို စုံစမ်းနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပြပေမယ့် ကျူးလွန်သူတွေ ဘယ်သူဆိုတာ မပြောခဲ့ပါဘူး။ ရဲတပ်ဖွဲ့အနေနဲ့ ရှာဖွေဖမ်းဆီးမှု ၁၂ ခုကို လုပ်ဆောင်သွားမယ်လို့ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။ ကိုဗစ်-၁၉ လူနာတွေကို  ကုသပေးဖို့ ဖွင့်လှစ်ထားတဲ့  ဆေးရုံနဲ့ပတ်သက်လို့ မူမမှန်တာတွေကို  စုံစမ်းတာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။  ဘရာဇီးရဲတပ်ဖွဲ့ဟာ ရီယိုဒီဂျနေယိုးပြည်နယ် အုပ်ချုပ်ရေးမှူး ဝီလ်ဆင်ဝစ်ဇယ်ရဲ့ အစိုးရ  နေအိမ်နဲ့ ကိုယ်ပိုင်နေအိမ်တွေကို စီးနင်းခဲ့တာပါ။ ဒီလို ရှာဖွေမိန့် ဝရမ်းကို ဘရာဇီးရဲ့ ဒုတိယအကြီးဆုံး တရားရုံးက ထုတ်ပေးခဲ့ပြီး ဖမ်းဆီးခွင့် ဝရမ်းကိုတော့ မထုတ်ပေးခဲ့ဘူးလို့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်အရ သိရပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး ဝီလ်ဆင်ဝစ်ဇယ်က သူဟာ အမှားလုပ်မထားဘူးလို့ ငြင်းဆိုထားပါတယ်။ ကွန်ဂရက်မှာရှိတဲ့ ဘော်ဆိုနာရို မဟာမိတ်တွေက မကြာခင် သူ့ကို ပစ်မှတ်ထားတဲ့ ရှာဖွေရေးလုပ်မယ်ဆိုတာ  လူသိထင်ရှား ပြောဆိုခဲ့တာကို ထောက်ပြပြီး သမ္မတ ဘော်ဆိုနာရိုဟာ ရဲတပ်ဖွဲ့ လုပ်ငန်းဆောင်တာတွေကို  စွက်ဖက်တယ်လို့  ပြည်နယ် အုပ်ချုပ်ရေးမှူး ဝစ်ဇယ်က စွပ်စွဲခဲ့ပါတယ်။
2 years Ago
Up