ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့က နေအိမ်မှာ ဘယ်လ်ဂျီယံခင်ပွန်းကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဂျာမန်သံတမန်တဦးကို ဘရာဇီးရဲတပ်ဖွဲ့က သြဂုတ် ၅ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။
ရီယိုဒီဂျနေရိုးမြို့က ဂျာမန်ကောင်စစ်ဝန် အူဖဲ ဟားဗတ်ဟန်းကို စုံစမ်းစစ်ဆေးသူတွေက သူ့ရဲ့ ထွက်ဆိုချက်တွေဟာ သူ့ခင်ပွန်း အသက် ၅၃ နှစ်အရွယ် ဘယ်လ်ဂျီယံနိုင်ငံသား ဝေါလ်တာ ဟန်နရီ မက်ဆီမီလီယံ ဗြက်ထ်ရဲ့ သေဆုံးမှု မှတ်တမ်းနဲ့ မကိုက်ညီဘူးလို့ ကောက်ချက်ချ ပြီးတဲ့နောက် ဖမ်းဆီးလိုက်တာလို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဟန်းဟာ သြဂုတ် ၅ ရက်က အရေးပေါ်ဝန်ဆောင်မှု ဌာနတွေဆီ ဖုန်းခေါ်ဆိုခဲ့ပြီး သူ့ခင်ပွန်းဟာ အစ်ပါးနေးမား ရပ်ကွက်ထဲက တိုက်ခန်းလှေကားကနေ ပြုတ်ကျပြီးနောက် ခေါင်းကို ထိခိုက်ခဲ့တယ်လို့ ပြောပါတယ်။
သေဆုံးသူဟာ ဦးခေါင်းအပြင် ခြေထောက်၊ လည်ပင်းနဲ့ ကိုယ်လုံးတို့မှာ ဒဏ်ရာဒဏ်ချက် ၃၀ ထက်မနည်း ရထားတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
ဗြတ်ထ်ဟာ ဘရာဇီးမှာ ၂၃ နှစ်ကြာနေထိုင်ခဲ့တယ်လို့ ဘရာဇီးသတင်းစာက ဖော်ပြခဲ့ပါတယ်။