ဘရာဇီးနိုင်ငံတဝန်း လမ်းတွေပိတ်ဆို့ပြီး ဆန္ဒပြမှုတွေဟာ ပြည်သူတွေရဲ့ သွားလာခွင့်ကို ကန့်သတ်ထားပြီး စီးပွားရေးကို ဆုံးရှုံးစေတာကြောင့် ပိတ်ဆို့ထားမှုတွေကို ပြန်ရုပ်သိမ်းပေးဖို့ သမ္မတ ဘောလ်ဆိုနာရိုက ဆန္ဒပြသူတွေကို နိုဝင်ဘာ ၂ ရက်မှာ ပထမဆုံးအကြိမ် တောင်းဆိုလိုက်ပါတယ်။
အောက်တိုဘာ ၃၀ ရက် သမ္မတရွေးကောက်ပွဲမှာ ဘောလ်ဆိုနာရိုဟာ လက်ဝဲဝါဒီ သမ္မတဟောင်း လူလာကို ပွတ်ကာသီကာနဲ့ ရှုံးနိမ့်သွားခဲ့ပြီးနောက်မှာ ဆန္ဒပြမှုတွေဟာ ဖြစ်ပွားခဲ့တာပါ။
ဆိုရှယ်မီဒီယာမှာတင်ထားတဲ့ ရုပ်သံမှာတော့ ဘောလ်ဆိုနာရိုက ရွေးကောက်ပွဲ ရလဒ်ကြောင့် လူတွေရဲ့ စိတ်ပျက်မှုကို နားလည်ကြောင်းနဲ့ သူလည်း စိတ်ပျက်ရပေမဲ့ နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် ဆက်လက်တိုက်ပွဲဝင်နိုင်စေဖို့ အဝေးပြေးလမ်းတွေမှာ ပိတ်ဆို့ထားတာတွေကို ဖယ်ရှားပေးဖို့ မေတ္တာရပ်ခံကြောင်း ပြောကြားခဲ့ပါတယ်။
လမ်းတွေကို ပိတ်ဆို့ထားတာဟာ လက်ရှိလုပ်ဆောင်နေတဲ့ ဆန္ဒပြပွဲတွေကို ဥပဒေမဲ့လုပ်ရပ်တွေ ဖြစ်စေတာကြောင့် တခြားနည်းလမ်းတွေနဲ့ ဆန္ဒပြဖို့ ရွေးချယ်သင့်ကြောင်း သူကပြောပါတယ်။
ဘောလ်ဆိုနာရိုက ဆန္ဒပြသူတွေကို လူစုခွဲ ဖယ်ရှားပေးဖို့နဲ့ လမ်းအတားအဆီးတွေကို ရှင်းလင်းပေးဖို့ ဖက်ဒရယ် အဝေးပြေးလမ်းရဲတပ်ဖွဲ့ (PRF) ကို အကူအညီ တောင်းခဲ့ပါတယ်။ ဒါပေမဲ့ နေရာတော်တော်များများမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေတာကြောင့် ရှုပ်ပွနေပြီး အခက်အခဲတွေ ကြီးမားတယ်လို့ သူကပြောပါတယ်။
ဆန္ဒပြသူတွေဟာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းအထိ အဝေးပြေးလမ်းတွေပေါ်က နေရာ ၁၂၆ ခုမှာ တစိတ်တပိုင်း သို့မဟုတ် အပြည့်အဝ ပိတ်ဆို့ထားကြောင်းနဲ့ ပြီးခဲ့တဲ့ညက နေရာပေါင်း ၁၉၀ ကနေ လျော့နည်းလာကြောင်း အဝေးပြေးရဲတပ်ဖွဲ့ (PRF) က ပြောပါတယ်။
အမျိုးသားကျန်းမာရေးအေဂျင်စီ Anvisa က လမ်းပိတ်ထားမှုတွေကြောင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ ပြတ်တောက်သွားနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
ဘရာဇီးလေကြောင်းလိုင်းတွေ ကိုယ်စားပြု ကုန်သွယ်ရေးအဖွဲ့ဖြစ်တဲ့ Abear ကလည်း လေယာဉ်ဆီထောက်ပံ့မှုမှာ ထိခိုက်နိုင်ကြောင်း သတိပေးခဲ့ပါတယ်။
ဆန္ဒပြသူတချို့က ဘောလ်ဆိုနာရို အာဏာဆက်ထိန်းထားဖို့အတွက် စစ်တပ်ဝင်ရောက်စွက်ဖက်ရေး တောင်းဆိုခဲ့ကြပါတယ်။
ဘရာဇီးနိုင်ငံရဲ့ လက်ရှိသမ္မတ ဘော့ဆိုနာရိုရဲ့ ရွေးကောက်ပွဲရှုံးနိမ့်မှုကို ကန့်ကွက်တဲ့အနေနဲ့ သူ့ကိုထောက်ခံသူတွေက ဘရာဇီးနိုင်ငံရဲ့ တောင်ဘက်ဒေသက အဝေးပြေးလမ်းတွေကို အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းက ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါတယ်။
ဘော့ဆိုနာရိုကို လိုလားတဲ့ ဆန္ဒပြသူတွေက စပါးအဓိကထုတ်လုပ်တဲ့ မာတိုဂရော့စိုပြည်နယ် ဗာဇီယာဂရန်ဒေသမှာရှိတဲ့ အဝေးပြေးလမ်းမပေါ်မှာ တာယာတွေနဲ့ ပိတ်ဆို့ထားကြပါတယ်။
နိုင်ငံတွင်းက ကုန်ကားမောင်းသမားများအသင်း အများစုဟာ အောက်တိုဘာ ၃၀ ရက်မှာ သမ္မတဟောင်း လူလာဒါဆေးလ်ဗာကို ရှုံးခဲ့တဲ့ လက်ရှိသမ္မတ ဘော့ဆိုနာရိုကို ထောက်ခံခဲ့ကြပါတယ်။
ဘော့ဆိုနာရိုက တနင်္လာမနက်မှာ ရှုံးနိမ့်မှုကို လက်မခံဘဲ ရလဒ်ကို ယှဉ်လာမှာကို စိုးရိမ်နေကြပါတယ်။
ဘော့ဆိုနာရိုဟာ သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ပထမဆုံး ဘရာဇီးသမ္မတဖြစ်ပြီး လူလာကတော့ သေနတ်လိုလားတဲ့ မူဝါဒတွေ၊ အမေဇုန်မိုးသစ်တောကို အားနည်းတဲ့ ကာကွယ်မှုတွေ အပါအဝင် ဘေ့ာဆိုနာရိုရဲ့ ခြေရာလက်ရာတွေကို ပြောင်းလဲပစ်မယ်လို့ ကတိပြုထားပါတယ်။