ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲမှာ လူကျွံဘောဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ အာဆင်နယ်နဲ့ ဘရိုက်တန်အသင်းတို့ နစ်နာမှုတွေရှိခဲ့ပါတယ်။
အဲဒီဖြစ်ရပ်တွေအပေါ် VAR ကိုင်တွယ်တဲ့ ဒိုင်တွေ မှားယွင်းမှုရှိခဲ့ကြောင်း PGMOL လို့ ခေါ်တဲ့ ဒိုင်လူကြီးအဖွဲ့က အာဆင်နယ်နဲ့ ဘရိုက်တန်နှစ်သင်းစလုံးကို စာပို့ပြီးတောင်းပန်ခဲ့ပါတယ်။
ဒိုင်လူကြီး ဟောင်းဝါ့ဒ်ဝက်ဘ်ဟာ နှစ်သင်းစလုံးဆီကို ဆက်သွယ်ပြီး VAR နဲ့စစ်ဆေးမှုတွေမှာ မှားယွင်းမှု ရှိခဲ့ကြောင်း ရှင်းပြခဲ့တယ်လို့ PGMOL ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အာဆင်နယ်အသင်းဟာ ဘရန့်ဖို့ဒ် အသင်းကို ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ပွဲချိန် ၇၄ မိနစ်မှာ အိုင်ဗန်တိုနေးက ဘရန့်ဖို့ဒ်အတွက် ချေပဂိုးသွင်းခဲ့လို့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တာပါ။
အိုင်ဗန်တိုနေးရဲ့ ချေပဂိုးဟာ လူကျွံဘော ဖြစ်ခဲ့ပေမယ့် VAR ဒိုင်လူကြီးတွေရဲ့ မှားယွင်းမှုကြောင့် ဂိုးအဖြစ်သတ်မှတ်ခဲ့တာပါ။
ဘရိုက်တန်အသင်းကတော့ ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာ ပွဲချိန် ၃၂ မိနစ်မှာ အက်စ်တူပီနမ် ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် လူကျွံဘောဆိုပြီး VAR ဒိုင်တွေက ပြန်လည်ပယ်ဖျက်သွားခဲ့တာပါ။ အဲဒီပွဲစဉ် ပြီးဆုံးချိန်မှာတော့ တစ်ဖက် တစ်ဂိုးစီသရေကျခဲ့တာဖြစ်ပါတယ်။