အီရတ်နိုင်ငံတောင်ပိုင်း၊ ဒီဝါနီယာပြည်နယ်မှာ ဇန်နဝါရီ ၃၁ ရက်က အသက် ၂၂ နှစ်အရွယ် ဘလော့ဂါ တီဘာအလီ အသတ်ခံရမှုကို ကန့်ကွက်ရှုတ်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၅ ရက်က မြို့တော်ဘဂ္ဂဒက်မှာ လူ အယောက် ၂၀ ဝန်းကျင် စုဝေးဆန္ဒပြကြပါတယ်။
အမျိုးသမီးတွေကို အကာအကွယ် ပေးဖို့နဲ့ ကျူးလွန်သူတွေအရေးယူဖို့ ပိုပြင်းထန်တဲ့ ဥပဒေတွေပြဋ္ဌာန်းဆောင်ရွက်ဖို့ကို ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
အီရတ်အမျိုးသမီး အခွင့်အရေးဆိုင်ရာ ရှေ့နေ အန်ဖှယ် အာဘစ်က“ဂုဏ်သိက္ခာနဲ့ အရှက်ပြေဖို့ အသတ်ခံခဲ့ရတဲ့ တီဘာလိုလူမျိုး ရာနဲ့ချီ၊ ဒါဇင်ပေါင်းများစွာ ရှိတယ်။ လူသိရှင်ကြားမပြဘဲ ကိုယ့်ကိုယ်ကို သတ်သေမှုအဖြစ် မဖော်ပြတဲ့ အမှုအခင်းတွေ အများကြီးရှိတယ်”လို့ ပြောခဲ့ပါတယ်။
အီရတ်အမျိုးသမီးငယ်ကို သူ့အဖေက သတ်ခဲ့တာဖြစ်ပြီး အလီနဲ့ သူ့ဖခင်ကြား စေ့စပ်ညှိ နှိုင်းပေးဖို့ ကြိုးစားခဲ့တယ်လို့ အီရတ်ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ ဆက်ဆံရေးနှင့် မီဒီယာ အကြီးအကဲ ဆာအိမဲန်းက ဖေဖော်ဝါရီ ၃ ရက်က တွစ်တာလူမှု ကွန်ရက်ပေါ်ကနေ ပြောခဲ့ပါတယ်။
ဖခင်က သမီးဖြစ်သူကို အိမ်ထောင်ရေး ဖောက်ပြန်တယ်လို့ စွပ်စွဲခဲ့တဲ့အကြောင်း ဒီဝါနီယာမြို့ က ရဲသတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။
လူသတ်မှုအပြီး ဖခင်ဖြစ်သူက သူ့ကိုယ်သူ ရဲလက် အပ်နှံခဲ့ပြီး စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်နေတုန်းပဲလို့လည်း မဲန်းက ရေးခဲ့ပါတယ်။
အလည်အပတ်ခရီးအတွက် တူရကီတွင်နေထိုင်ပြီး အီရတ်သို့ ပြန်လာသော လူငယ် ဘလော့ဂါဟာ ဖော်လိုဝါ ၂၀၀၀၀ ကျော်ရှိတဲ့ သူ့ရဲ့ ယူကျုအကောင့်မှာ သူ့ရဲ့ ကြင်ဖော်ကြင်ဖက်အကြောင်း အပါအဝင် သူ့ရဲ့ နေ့စဉ်ဘဝ အကြောင်း ဗီဒီယိုတွေကို မကြာခဏတင်လေ့ရှိသူလည်း ဖြစ်ပါတယ်။