တချိန်က မန်ယူနိုက်တက်အသင်းပြန်လာပြီလို့ ပြောနိုင်ပေမယ့် ဘာစီလိုနာအသင်းဟာလည်း ယှဉ်ပြိုင်နိုင်ကြောင်း ပြသဖို့ လိုအပ်ကြောင်း နည်းပြဇာဗီကပြောသွားပါတယ်။
ဘာစီလိုနာဟာ ပထမအကျော့က ၂ ဂိုး စီသရေကျခဲ့တာကြောင့် အိုးထရတ်ဖို့ဒ်ကွင်းမှာ နိုင်ပွဲရယူနိုင်မှ နောက်တစ်ဆင့်တက်မှာပါ။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အကောင်းဆုံးခြေစွမ်းရရှိနေပြီး ခက်ခဲတဲ့ပွဲစဉ် ဖြစ်လာနိုင်ကြောင်း၊ တချိန်ကမန်ယူနိုက်တက်အသင်းပြန်လာပြီလို့ ပြောနိုင်ပေမဲ့ ဘာစီလိုနာဘက်ကလည်း ယှဉ်ပြိုင်နိုင်ဖို့လိုအပ်ကြောင်း ဇာဗီကပြောသွားတာပါ။
“ကျနော်တို့မှာ ကိုယ်ရည်ကိုယ်သွေး ထူးချွန်မှုတွေနဲ့ ပြင်းပြတဲ့စိတ်ဓာတ်အများကြီးရှိတယ်။ ဒါ့အပြင် ဥရောပရဲ့ ထိပ်တန်းအသင်း တစ်သင်းကို အနိုင်ယူနိုင်တယ်ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုလည်းရှိတယ်။ မနက်ဖြန်ပွဲမှာ ကြည့်ကြတာပေါ့”လို့ နည်းပြဇာဗီကပြောပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ကတော့ အိမ်ကွင်းခြေစွမ်းကောင်းမွန်ပေမယ့် အဝေးကွင်းတွေမှာတော့ တချိန်ကဘာစီလိုနာ ပြန်လာပြီလို့ မဆိုနိုင်သေးကြောင်း နည်းပြဇာဗီက ဝန်ခံစကားဆိုခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ဘာစီလိုနာ ကွင်းလယ်လူ ဖရန့်ကီဒီယွန်းကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။
နည်းပြသစ် တန်ဟတ်ဂ်ကိုယ်တိုင်ကလည်း အိုင်ယက်မှာ အတူလက်တွဲခဲ့ဖူးတဲ့ ဒီယွန်းကို ခေါ်ယူဖို့ အသင်းဆီကိုတောင်းဆိုထားခဲ့တာပါ။
မန်ယူအသင်းဟာ ဒီယွန်းအတွက် စုစုပေါင်း ၆၉ သန်းပေးချေရမှာဖြစ်ပြီး ဇွန်လမကုန်ခင်မှာ အပြီးသတ်ခေါ်ယူသွားမယ်လို့ ကတ်တလန်အခြေစိုက် စပိန် Sport သတင်းစာမှာဖော်ပြပါတယ်။
မန်ယူအသင်းဟာ ကနဦးတုန်းက ပေါင် ၅၆ သန်းနဲ့ တစ်ကြိမ်ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး ဒုတိယအကြိမ်အနေနဲ့ ပေါင် ၆၉ သန်းနဲ့ကမ်းလှမ်းချိန်မှာ သဘောတူညီမှုရရှိတော့မှာပါ။
ဟော်လန်ကွင်းလယ်လူ ဒီယွန်းကို ဘာစီလိုနာအသင်းက ၂၀၁၉ ခုနှစ်က ပေါင် ၆၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး မန်ယူအသင်းကိုရောင်းချချိန်မှာ ပေါင် ၆၉ သန်းအထိ ရရှိတော့မှာဖြစ်ပါတယ်။