ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းမယ်လို့ သိရပါတယ်။
ပေါ်တူဂီကွင်းလယ်လူဟာ မနှစ်က နွေရာသီကတည်းက အသင်းပြောင်းရွှေ့ဖို့ သတင်းထွက်ခဲ့ပေမဲ့ မန်စီးတီးမှာပဲ ဆက်ရှိခဲ့တာပါ။
မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ အသင်းမှာ မပျော်ရွှင်တဲ့ ကစားသမား ရှိလာခဲ့မယ်ဆိုရင် ကြိုက်နှစ်သက်ရာအသင်းဆီပြောင်း ရွှေ့နိုင်ကြောင်းပြောထားပါတယ်။
ဒါပေမဲ့ အသင်းဘက်ကတော့ ကစားသမားတန်ဖိုးအလိုက် တန်ရာတန်ကြေး ရရှိဖို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဘာနာဒိုဆေးလ်ဗားဟာ စီးတီးနဲ့ ၂၀၂၅ ခုနှစ် အထိ စာချုပ်သက်တမ်းရှိပါသေးတယ်။
အပြောင်းအရွှေ့ ဈေးကွက်အရတော့ ဘာနာဒိုဆေးလ်ဗားကို ပေါင် ၇၅ သန်း တန်ကြေး သတ်မှတ်ထားပါတယ်။
ရာသီကုန်ဆုံးချိန်ရောက်မှ ကစားသမားဖြစ်သူရဲ့ စိတ်ဆန္ဒအပေါ်မူတည်ပြီး မန်စီးတီးက ဆုံးဖြတ်ချက် ချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီအသင်းဟာ လာမယ့်ရာသီမှာ မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားနဲ့ နာပိုလီတိုက်စစ်မှူး အိုဆင်ဟမ်တို့ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
အခုနှစ်ရာသီမှာလည်း ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကနေ ထွက်ခွါခဲ့ရပြီးနောက်ပိုင်း နောက်ထပ် ကစားသမားကောင်းတွေကိုခေါ်ယူပြီး လာမယ့် ရာသီမှာအောင်မြင်မှုရယူဖို့ ပီအက်စ်ဂျီအသင်းက ပြင်ဆင်တော့မှာပါ။
အသင်းရဲ့အကြံပေးဖြစ်သူ လူးဝစ်ကမ်ပို့စ်ဟာ ဘာနာဒိုဆေးလ်ဗားကိုခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်ဆောင်နိုင်သလို ထိပ်တန်း အသင်းကြီးတွေအလိုရှိနေတဲ့ အိုဆင်ဟမ်ကိုလည်း မက်မောတဲ့လုပ်ခလစာတွေနဲ့ လက်ဦးမှုရယူနိုင် ကြိုးပမ်းနေတယ်လို့ပြင်သစ်သတင်းစာ L’Equipe ကဖော်ပြခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းအကြံပေး ကမ်ပို့စ်ဟာ အိုဆင်ဟမ်ရဲ့ အေးဂျင့်ဖြစ်သူ ရောဘတ်တိုကယ်လန်ဒါနဲ့ တောင် တွေ့ဆုံးစကားပြော ခဲ့ ပြီးဖြစ်တယ်လို့ ပြင်သစ်သတင်းတွေမှာဖော်ပြခဲ့ကြပါတယ်။