close

ဘားအံတံတား

close

March 18, 2022

ဘားအံတံတား စုံစမ်းစစ်ဆေးရေးဂိတ်အနီး ဗုံးပေါက်ကွဲ

ကရင်ပြည်နယ်၊ ဘားအံမြို့အဝင် သံလွင်တံတားနားက  အဖွဲ့စုံ စစ်ဆေးရေးဂိတ်အနီးမှာ မတ် ၁၇ ရက် မနေ့ည ၁၂ နာရီကျော်လောက်က ဗုံးတလုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် AK ကုမ္ပဏီရဲ့ လမ်းတံတားကြေး ကောက်ခံတဲ့ အဆောက်အအုံအဟောင်း တံခါးမှန်တွေ ကွဲသွားတယ်လို့ ဆိုပါတယ်။

ဌာနဆိုင်ရာပေါင်းစုံပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့ဟာ လုံခြုံရေးအကြောင်းပြပြီး တရားမဝင် ကုန်စည်ယာဉ်တွေနဲ့ လိုင်စင်မဲ့ယာဉ်တွေဆီကနေ ငွေကြေးကောက်ခံတာ၊ မှတ်ပုံတင်ကို အကြောင်းပြပြီး ခရီးသွားပြည်သူတွေအပေါ် ငွေညှစ်ပြီး မတရားအမှုဆင် ဖမ်းဆီးတာတွေ ရှိတယ်လို့ သိရပါတယ်။

ဘားကပ်ကျေးရွာနေ ဒေသခံတဦးက “ဝေစုမတည့်လို့ သူတို့အချင်းချင်း ခွဲတာလည်း ဖြစ်နိုင်တယ်။ တခြား မခံနိုင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ လုပ်တာလည်း ဖြစ်နိုင်တယ်။ စစ်ကောင်စီလက်ထက်မှာ ထင်တိုင်းကြဲနေတဲ့ ဂိတ်။ အဲဒီဂိတ်က ခရီးသွားပြည်သူတွေအပေါ် ဒုက္ခပေးတဲ့နေရာမှာ နာမည်ကြီးတယ်” လို့ ပြောပါတယ်။

ဘားအံမြို့နယ်အတွင်း လုံခြုံရေးအကြောင်းပြချက်နဲ့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားသလို ဗုံးပေါက်ကွဲမှု ဖြစ်ပွားချိန် ကရင်ပြည်နယ် ဇွဲကပင် ဆံတော်ရှင်ဘုရားပွဲကို

ဇွဲကပင်တောင် အရှေ့ခြမ်း၊ ခလောက်နို့ကျေးရွာနဲ့ အနောက်ခြမ်း တော်ပုံကျေးရွာ တောင်ခြေတွေမှာ ပျော်ပွဲရွှင်ပွဲတွေအပြင် ပိုမိုစည်ကားအောင် စစ်ကောင်စီက လောင်းကစားဝိုင်းတွေကိုပါ ခွင့်ပြုလုပ်ကိုင်ခွင့် ပေးထားပါတယ်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားနောက်ပိုင်း စစ်ကောင်စီရဲ့ တပ်နဲ့ ရဲတွေက ဇွဲကပင် ဆံတော်ရှင်ဘုရားပွဲ သွားလာသူတွေ၊ ခရီးသွားပြည်သူတွေနဲ့ မော်တော်ယာဉ်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

2 mins Ago
Up