ကရင်ပြည်နယ်၊ ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား ဆေးကုသမှုခံယူနေရတယ်လို့ ဆေးရုံအသိုင်းအဝိုင်းကနေ သိရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူနယ်မြေမှာ အခုသီတင်းပတ်တွေအတွင်း စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးသူနဲ့ဒဏ်ရာရသူတွေများနေတာဖြစ်ပါတယ်။
တောင်ကလေးကျေးရွာမှာအခြေစိုက်တဲ့ အမှတ် ၁၀ စစ်မြေပြင်ဆေးတပ်ရင်း (ခုတင် ၁၀၀) ဆေးရုံမှာ ဒဏ်ရာရ စစ်ကောင်စီတပ်သားတွေ ဆေးကုသမှုခံယူဖို့ ခုတင်မဆံ့တော့တဲ့အတွက် ဘားအံပြည်သူ့ဆေးရုံကြီးမှာပါ ပြောင်းရွှေ့ ဆေးကုသခံယူနေရတာပါ။
ဘားအံပြည်သူ့ဆေးရုံကြီး၊ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “တောင်ကလေးစစ်ဆေးရုံက ဆေးကုသဖို့ နေရာမလုံလောက်တဲ့အတွက်လည်း ဖြစ်နိုင်သလို သူနာပြုအခက်အခဲလည်းရှိပုံရတယ်။ ဒါကြောင့် ဆေးရုံမှာ ပြောင်းရွှေ့ပြီး ဒဏ်ရာရသူတွေကို ဆေးကုသပေးနေရတယ်။ ဒဏ်ရာရတဲ့သူတွေက နေတိုင်းရှိတယ်”လို့ ပြောပါတယ်။
ကေအန်ယူ တပ်မဟာ ၁ ၊ တပ်မဟာ ၅ နဲ့ တပ်မဟာ ၆ နယ်မြေတွေမှာ စစ်ကောင်စီတပ်တွေက နယ်မြေကျူးကျော်ဝင်ရောက်လာပြီးနောက် စစ်ရေးလှုပ်ရှားနေတဲ့အတွက် စစ်ကောင်စီတပ်တွေနဲ့ KNDO ၊ KNLA ပူးပေါင်းတပ်တွေနဲ့ နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ကောင်စီက မြေပြင်လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲတွေက ပိုမိုပြင်းထန်လာပါတယ်။
တိုက်ပွဲမှာ ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်တင်ဆောင်ရာမှာ ဘားအံလူမှုကူညီရေးအသင်းကကားတွေကို အကူအညီတောင်းခံပြီး သွားရောက် တင်ဆောင်ရတာတွေရှိတယ်လို့ ဆရာဝန်တစ်ဦးက ပြောပါတယ်။
ဧပြီ ၁၀ ရက်နေ့လယ်က မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီလေတပ်က MiG -29 တိုက်လေယာဉ် ၂ စီးနဲ့ တိုက်ပွဲဖြစ်ပွားနေရာကို လာရောက်ဗုံးကြဲခဲ့တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မှားယွင်းပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီလေတပ်က မှားယွင်းဗုံးကြဲခဲ့တဲ့အတွက် တပ်မ ၄၄ လက်အောက်ခံ အမှတ် ၂၀၇ တပ်ရင်းစစ်ကြောင်းက တပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံးခဲ့သလို တိုက်ပွဲအတွင်း သေဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ပါတယ်