ကရင်ပြည်နယ်၊ ဘားအံမြို့မှာ မေလ ၈ ရက်က လိုင်စင်မဲ့ကားနဲ့ ဘေးတွဲဆိုင်ကယ်တွေကို စတင်ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဘားအံမြို့ပေါ် ရပ်ကွက်တွေထဲမှာ ပြီးခဲ့တဲ့တပတ်တည်းက စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက လိုင်စင်မဲ့ကားတွေနဲ့ ဘေးတွဲဆိုင်ကယ်တွေကို စီးနင်းရင် ဖမ်းဆီးမယ်လို့ အသံချဲ့စက်နဲ့ လိုက်လံကြေညာပြီးနောက် အခုလို ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
ဘားအံမြို့မှာ အသုံးပြုနေတဲ့ မော်တော်ယာဥ်တွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ လိုင်စင်မဲ့ကားတွေ ဖြစ်ပြီး ၂၀ ရာခိုင်နှုန်းသာ လိုင်စင်ကားတွေကို အသုံးပြုနေကြတာပါ။
အရင်အစိုးရ အဆက်ဆက်တုန်းကလည်း အခုလို ဖမ်းဆီးတာမျိုးမရှိဘဲ စည်းကမ်းမဲ့ မောင်းနှင်တဲ့ လိုင်စင်မဲ့ကားတွေကိုသာ ဒဏ်ရိုက်တာမျိုးပဲ ရှိခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
ပြည်သူတွေ စားဝတ်နေရေး ခက်ခဲနေကြတဲ့အချိန်မှာ လိုင်စင်မဲ့ကားနဲ့ ဘေးတွဲဆိုင်ကယ်တွေကို အရေးယူမယ့်စီမံချက် စတင်လာတဲ့အတွက် မြို့နေလူထုအနေနဲ့ စားဝတ်နေရေး ပိုမိုခက်ခဲလာနိုင်ကြောင်း ဘားအံစျေးအတွင်းမှ စျေးသည်တဦးက ဆိုပါတယ်။
ဒါ့အပြင် အခုလို ကြေညာချက်ထုတ်ပြီး မဖမ်းဆီးခင်တည်းက ဘားအံမြို့ပေါ်မှာရှိတဲ့ ဘေးတွဲဆိုင်ကယ်တွေကို စစ်ဆေးရေးဂိတ်မှာရှိတဲ့ ရဲနဲ့ စစ်သားတွေက ဖမ်းဆီးနေတာဖြစ်ပြီး အဖမ်းခံရတဲ့သူတွေအနေနဲ့ ငွေကျပ် ၈ သိန်းခန့် ပေးပြီးမှ ပြန်လွှတ်ပေးတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်နဲ့ အနီးအနားက ကျေးရွာတွေမှာ လောင်းကစားဝိုင်းတွေ ပိုမိုများပြားလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဘားအံမြို့ပေါ်မှာညမထွက်ရအမိန့်ကို စစ်ကောင်စီက ထုတ်ပြန်ထားပေမဲ့ လောင်းကစားဝိုင်းတွေ ကတော့ ည ၇ နာရီဝန်းကျင်လောက်ကနေစပြီး မိုးလင်းပေါက်ထိရှိနေတာဖြစ်ပါတယ်။
ဒါ့အပြင် ဘားအံမြို့အနီးက လှိုင်းဘွဲ၊ ထီလုံရွာမွေးမြူရေးဇုန်၊ ရသေ့ပျံအနီးတဝိုက်၊ ဇွဲကပင်တောင်ခြေ၊ ကျောက်ကလပ်အနီးတဝိုက်၊ ရေတံခွန်အနီးအနားက ကျေးရွာတွေဘက်မှာ လောင်းကစားဝိုင်းတွေ ပိုမိုကျင်းပလာတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“အရင်ကနည်းတယ်၊ တောင်ခြေနားလောက်ပဲ။ အခုက နေရာတိုင်းလိုလို မာရှယ်လောထုတ်ထားလည်း အဲ့ပွဲက လူတွေကို ည ၁၀ နာရီကျော်လို့ အပြင်ရောက်နေတယ်ဆိုပြီး လာတော့ မဖမ်းဘူး။ ပွဲရှိရှိ မရှိရှိ တောင်ခြေဘက်မှာ အမြဲလုပ်နေကြတာလေ။ တခါတလေလည်း ပွဲကရှိတယ်။ ပွဲမဝင်ခင် အာဝါဒေးပွဲတွေက တလလောက်ကြိုပြီးတော့ ရောက်နေတာ။ ပွဲက သုံးရက်လောက်လုပ်ရင် အာဝါဒေးက တလလောက်လုပ်တယ်။”
အဆိုပါကျေးရွာတွေမှာ အရင်က အနီထောင်၊ အန်ဂလုံနဲ့ ဖဲလောင်းကစားတွေသာရှိပြီး အခုနောက်ပိုင်းမှာတော့ ငါးပစ်ဂိမ်းနဲ့ ကလေးတွေအတွက် အန်ဂလုံဝိုင်း အသေးစားတွေပါ ထည့်သွင်းကစားလာကြတဲ့အပြင် ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့တွေက လုံခြုံရေးယူထားပေးရတယ်လို့လည်း ဒေသခံကဆက်ပြောပါတယ်။
“ဒီမှာက ဘယ်အဖွဲ့ကနေပြီး ဦးဆောင်လုပ်တယ်ဆိုတာ မရှိဘူး။ အဲ့မှာ ပွဲကန်ထရိုက်ဆိုတာ ရှိတယ်။ သူက ဆိုင်ရာပိုင်ရာတွေနဲ့ညှိပြီး လုပ်ကြတာ။ ပွဲမှာ BGF နဲ့ တခြားအဖွဲ့တွေပေါ့၊ သူတို့က စောင့်ကြတာ။ တဝိုင်းကို ဘယ်လောက်ဆိုပြီး သူတို့အဖွဲ့တွေကို ပေးရတယ်။ ဘယ်လောက်မြတ်မြတ် ရှုံးရှုံး။ အဲ့ဒါ လုံခြုံရေးအပြည့်ယူပေးတယ် သူတို့က။ တခုခုဖြစ်ရင် သူတို့တာဝန်ယူမယ်ပေါ့။”
ဒါ့အပြင် မြဝတီမြို့မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေကာ ညမထွက်ရအမိန့် ထုတ်ထားပေမဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)၊ KNU/KNLA (PC) အဖွဲ့တွေက ဦးဆောင်ပြီးတော့ မြဝတီမြို့ထဲမှာ အာဝါဒေးပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ဆက်လက်ကျင်းပနေပါတယ်။
ဘားအံမြို့မှာ ၂၀၂၁ ဖေဖော်ဝါရီ ၈ ရက်လောက်ကစပြီး ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ အပြင်မထွက်ဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားသလို အခုဧပြီလအတွင်းမှာလည်း ညမထွက်ဖို့ ကားတွေနဲ့ လိုက်ကြေညာတာရှိတယ်လို့ မြို့ခံတွေထံက သိရပါတယ်။