close

ဘိန်းစခန်း

close

April 30, 2022

မိုးကုတ်မြို့၌ ဘိန်းစခန်းတခုကို အရပ်ဝတ် လက်နက်ကိုင်အချို့ ဝင်ရောက်ပစ်ခတ်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းရှိ ရတနာရွှေစင်ဘုန်းကြီးကျောင်းအနီးက ဘိန်းစခန်းတစ်ခုကို အရပ်ဝတ်နဲ့ လက်နက်ကိုင်ဆောင်ထားသူတချို့က ဧပြီ ၂၉ ရက် မနက်ပိုင်းက ဝင်ရောက်ပစ်ခတ်ခဲ့​တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာမှာ ဘိန်းရောင်းဝယ်သူ၊ သုံးစွဲသူတွေများပြားနေပြီး မူးယစ်ဆေး ရောင်းဝယ်သူတွေဆီမှာလည်း သေနတ်ကိုင်ဆောင်လေ့ရှိကြပြီး အခုပစ်ခတ်မှုမှာတော့ ဒီခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။

ဘိန်းစခန်းကို ဝင်ရောက်ပစ်ခတ်တာက အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သားတွေဖြစ်တယ်လို့ အနီးအနားမြင်တွေ့သူတွေက ပြောပါတယ်။

ဒေသခံတဦးက “စစ်သားတွေပဲ ကား ၄ စီး အပြည့်တဲ့ အရပ်ဝတ်နဲ့ ကျည်ကာတွေဝတ်ထားတာ၊ ဆေးရောင်းတဲ့ဘက်ကတော့ ပြန်မပစ်ဘူး။ တောထဲကိုဝင်ပြေးသွားလို့ သူတို့ ဆက်မလိုက်ရဲတော့ပဲ အဲဒီနားကပတ်ဝန်းကျင်တဝိုက်ကို အကုန်လိုက်စစ်ဆေးနေတာ"လို့ပြောပါတယ်။

အနီးအနားရပ်ကွက်နေ ဒေသခံတစ်ဦးကလည်း "အဲ့ပေါ်က ဘိန်းစားတွေများတော့ မောင်းတာထင်တယ်။ ဘယ်သူတွေ လာမောင်းတာလဲတော့မသိဘူး။ ထိခိုက်ဒဏ်ရာရသူတော့မကြားဘူး"လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အနီးအနား ဆိုင်ကယ်နဲ့သွားလာနေသူ ၆ ယောက် ကို ဖမ်း​ဆီးသွားတယ်လို့လည်း  ဒေသခံတွေကပြောပါတယ်။

လက်ရှိအချိန်ကာလ မိုးကုတ်မြို့မှာ အလုပ်အကိုင်ရှားပါးနေတဲ့အတွက် ဒေသခံ လူငယ်လူရွယ်တွေဟာ တခြားအလုပ်တွေထက်  မူးယစ်ဆေးရောင်းဝယ်တဲ့ အလုပ်ကိုပိုဦးစားပေး လုပ်နေကြပါတယ်။ 

ပိန်းပြစ် ၇ မိုင်ဘက်က တွင်းဆင်းတဲ့လုပ်ကွက်တွေမှာလည်း မူးယစ်ဆေး သုံးစွဲသူနဲ့ ရောင်းသူတွေ ပေါများနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ 

"လမ်းကြားထဲမှာ အပ်တွေအတော်လေး  ပြန်များလာပြီး တချို့သူတွေ တဲဆောက်ပြီး ဈေးရောင်းတယ်။ အထဲမှာ မူးယစ်ဆေးသုံးဖို့ အခန်းပါလုပ်ထားတယ်၊ အခုက အရင်ကထက်ကို ပိုဆိုးတဲ့အခြေနေကိုရောက်နေပြီ။”

ပိန်းပြစ်ဘက်မှာ  ၅ မိုင်ရဲစခန်းရှိပေမဲ့ ရဲစခန်းမှာပါ မူးယစ်ဆေးတွေရှိနေပြီး ရောင်းပေးဖို့အတွက် လူရှာနေတာတွေရှိတယ်လို့  ရဲစခန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။ 

"အခု မူးယစ်ဆေးဝါး  ရောင်းသူ၊ သုံးစွဲသူက  လိုင်စင်ရသလိုဖြစ်နေပြီ၊ မူးယစ်တွေကို ဖမ်းလို့ရတာကို ယူပြီးလုပ်စားနေကြတာ။ သူတို့ရင်းနှီးနေတဲ့သူတွေကို ရောင်းပေးဖို့ပြောတာတွေရှိတယ်။ ရွာမှာလည်း  မူးယစ်ဆေးရောင်းသူကိုဖမ်း၊ ငွေယူပီးပြန်လွှတ်  လုပ်နေတာ။ ဖမ်းမိလို့ ငွေပေးလိုက်ပြီးရင်   လိုင်စင်ရထားသလိုပဲ။”

မိုးကုတ်မြို့မှာ အရင်အစိုးရလက်ထက်ကလည်း မူးယစ်ဆေးသုံးစွဲသူတွေရှိပေမဲ့ တိုက်ဖျက်နိုင်ခဲ့တာကြောင့် မူးယစ်ဆေးသုံးစွဲသူပမာဏ နည်းလာခဲ့ပေမဲ့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့  မူးယစ်ဆေးသုံးစွဲသူနဲ့ ရောင်းဝယ်သူတွေ ပိုများလာကာ မူးယစ်ဆေးပြဿနာ  အတော်ကြီးထွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

4 mins Ago
Up