တနင်္သာရီတိုင်း မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် PDF တွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဘိန်းစာမှုန့် အထုပ် ၃ သောင်းကျော်ကို ဖေဖော်ဝါရီ ၄ ရက်က ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
ဘိန်းစာမှုန့်တွေရဲ့ ကာလတန်ဖိုးဟာ သိန်း ၇၀၀ ကျော်ရှိပြီး ကျွန်းစုမြို့နယ်၊ မဲတောရွာကို ပို့ဆောင် ရောင်းချမယ့် ပစ္စည်းတွေဖြစ်တယ်လို့ ဘိန်းစာမှုန့်ကို ဖမ်းဆီးရာမှာ ပါဝင်တဲ့ ရဲဘော်တဦးက ပြောပါတယ်။
ကျွန်းစုမြို့နယ်ဘက်မှာ ရောင်းချနေတဲ့ မူးယစ်ဆေးဝါးတော်တော်များများဟာ တနင်္သာရီမြို့နယ် ဘက်ကနေ လာတယ်လို့လည်း ဒေသခံတဦးက ဆိုပါတယ်။
အဆိုပါဘိန်းစာမှုန့်တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မြစ်ထဲပစ်ချ ဖျက်ဆီးခဲ့ပြီး ရောင်းဝယ်ဖောက်ကားတဲ့သူတွေကို ခံဝန်ကတိထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ဆိုပါတယ်။
မူးယစ်ဆေးဝါးကို ထပ်မံရောင်းချနေတာတွေ သိရှိရပါက ထိုက်သင့်တဲ့ အရေးယူမှု ဆောင်ရွက်သွားမယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။
စစ်ကောင်စီလက်အောက်ခံ စရဖနဲ့ ရဲတပ်ဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ မူးယစ်ဆေးဝါးတွေ တင်ဆောင်လာတဲ့ စက်လှေတစ်စီးကို မေလ ၇ ရက်က တနင်္သာရီမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ တနင်္သာရီ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါ မူးယစ်ဆေးဝါးတင်ဆောင်လာတဲ့ စက်လှေကို တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာအနီးနားက တနင်္သာရီမြစ်ဝမှာ တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့အချိန် ဖမ်းဆီးရမိခဲ့တာပါ။
လှေသား ၃ ဦးပါဝင်တဲ့ အဲဒီစက်လှေပေါ်မှာ ဘိန်းစာမှုန့်အထုပ် ၁၂၀၀၀ ကျော်နဲ့ WY စိတ်ကြွဆေးပြားတချို့ ဖမ်းဆီးရမိခဲ့ပြီး ဒေသ တန်ဖိုး ကျပ် သိန်း ၆၀၀ ကျော်ဖိုးရှိတယ်လို့ သိရပါတယ်။
အဆိုပါ ဘိန်းစာမှုန့် သယ်ဆောင်လာသူတွေဟာ စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ငွေကြေးပေး လမ်းကြောင်းရှင်းလင်းပြီးမှ သယ်ဆောင်လာတယ် ဆိုတာကို စစ်ဆေးသိရှိရလို့ အဆိုပါ မူးယစ်ဆေးဝါးတွေကို မေလ ၈ ရက်မှာ မီးရှို့ ဖျက်ဆီးလိုက်တယ်လို့ တနင်္သာရီ ပြည့်သူကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
တနင်္သာရီမြို့နယ်အတွင်း ကျေးရွာတချို့မှာ စရဖ တပ်ဖွဲ့တွေကို လိုင်းကြေးပေးပြီး မူးယစ်ဆေးဝါးရောင်းချနေတဲ့ သူတွေရှိသလို အဲဒီလူတွေကိုလည်း စစ်ကောင်စီက လက်နက်တွေ ထုတ်ပေးထားပြီး ဒေသတွင်း PDF တွေရဲ့ လှုပ်ရှားဆောင်ရွက်နေတာတွေကို ပြန်လည်သတင်းပေးနေလို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရတယ်လို့ အဆိုပါတာဝန်ရှိသူက ဆိုပါတယ်။
လက်ရှိမှာ မူးယစ်ဆေးဝါးတင်ဆောင်လာတဲ့ အဆိုပါစက်လှေကို တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းထားပြီး ဖမ်းဆီးရမိတဲ့ သုံးယောက်ကိုတော့ လုံခြုံရေးအခြေအနေအရ သတိပေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။