စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ခွဲ ပန်ဆောင်မြို့မှာရှိတဲ့ နောင်ယန်းအင်းပတ်လည်က နာဂကျေးရွာ ၁၈ ရွာမှာ ဘိန်းအစားထိုးသီးနှံ မျိုးစေ့တွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပန်ဆောင်မြို့ကနေ လှမ်းမြင်နေရတဲ့ အဲဒီဒေသဟာ နောင်ယန်းအင်းကို မှီခိုပြီး အင်းပတ်လည်မှာ လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသလို ကျေးရွာတွေကိုလည်း နောင်ယန်းအင်းပတ်လည်မှာ တည်ထားကြတာလည်းဖြစ်ကာ ဘိန်းကို စီးပွားဖြစ်အနေနဲ့ စိုက်ပျိုးတာမျိုးမရှိဘဲ မိသားစု မီးဖိုချောင်အသုံးစရိတ်အနေနဲ့ ပြန်လည်ရောင်းချလို့ရအောင် တအိမ်ထောင်ကို ဧကဝက်လောက် စိုက်ပျိုးနေကြတာ ဖြစ်တယ်လို့ ကျေးရွာခေါင်းဆောင်တွေက ဆိုပါတယ်။
ဒေသခံတွေအနေနဲ့ တပိုင်တနိုင် ဝင်ငွေရ သီးနှံမျိုးစေ့တွေနဲ့ စိုက်ပျိုးရေးနည်းတွေ လိုနေပြီး ဘိန်းမစိုက်ချင်ပေမဲ့လည်း အစားထိုးစိုက်ပျိုးဖို့ မျိုးစေ့ကမရှိ၊ စိုက်ပျိုးနည်းလမ်းလည်း မသိတော့ အခက်တွေ့နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အခုလို ဘိန်းစိုက်ပျိုးတဲ့အတွက် လူငယ်တွေအနေနဲ့ မူးယစ်ဆေးသုံးစွဲမှု များလာတာကြောင့် နာဂဆိုရှယ်လစ်ကောင်စီက ပြီးခဲ့တဲ့နှစ်တွေက ဘိန်းမစိုက်ဖို့ တားမြစ်ထားပြီး ဒီနှစ်မှာတော့ စာထုတ်ပိတ်ပင်လိုက်တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ စိုက်ပျိုးလို့ရမယ့်မျိုးစေ့ အဓိကလိုအပ်နေပြီး ဆီကြိတ်စက်ကတော့ နောင်ယန်းရွာက အင်ရောမ်း ဘဝသစ်ထူထောင်ရေးကျောင်းမှာ ရောက်နေပြီဖြစ်ပေမဲ့ ကြိတ်စရာသီးနှံ ဘာမှမရှိသေးတာကြောင့် သုံးရာသီလုံး ကြိတ်လို့ရမယ့် မျိုးစေ့အကူအညီ လိုနေတယ်လို့ တောင်တင်းရွာသားတဦးက ပြောပါတယ်။
လက်ရှိမှာတော့ ဒေသခံတွေအနေနဲ့ ချဥ်ပေါင်ဖာလာခေါ် အယ်လာဂျီကို စီးပွားဖြစ် စိုက်ပျိုးခဲ့ပေမဲ့ နယ်စပ်လမ်းတွေ ပိတ်ထားတာကြောင့် အိန္ဒိယကို သွားရောက်ရောင်းချဖို့ အခက်အခဲ ရှိနေတယ်လို့လည်း သိရပါတယ်။
မြန်မာ- တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်မှာ ဘိန်းအစားထိုးသီးနှံ အဖြစ်စိုက်ပျိုးထားတဲ့ ရော်ဘာခြံတွေထဲက ဧက ၁၀၀ ဝန်းကျင်ကို ရွှေမြို့ပြစီမံကိန်းလို့ အမည်တပ်ကာ မြေကွက်သစ်ဖော်ပြီး စစ်ကောင်စီခန့် ၀ တိုင်းဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေက တရုတ်နိုင်ငံသားတွေထံ ရောင်းချနေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
အရင်ကပြည်သူတွေရဲ့ မြေတွေကို သိမ်းထားပြီး ဘိန်းအစားထိုးသီးနှံအဖြစ် ရော်ဘာပင်တွေကို စီမံကိန်းနဲ့ စိုက်ခဲ့ကြရာက အခုတော့ စစ်ကောင်စီခန့် ‘၀’ တိုင်းဥက္ကဋ္ဌ ဦးညီနပ်၊ ဦးကျင်ဝမ်း၊ ဒေါက်တာကျော်ထွန်း၊ ကိုထွန်းအောင်တို့ ပူးပေါင်းပြီး ရော်ဘာခြံတွေကို အကွက်ရိုက်ပြီး ရောင်းစားနေကြလို့ ဒေသခံတဦးက ပြောပါတယ်။
“ ပေ၇၀ x ၈၀ တကွက်ကို တရုတ်ယွမ်ငွေ နှစ်သိန်းငါးသောင်းနဲ့ တရုတ်နိုင်ငံသားတွေကို ရောင်းစားနေတယ်။ ပြီးတော့ သူတို့ရောင်းစားတဲ့မြေတွေမှာ လောင်းကစားရုံတွေလည်း ဖွင့်ထားကြတယ်။”
ရော်ဘာခြံတွေကို ကွက်သစ်ရိုက်ပြီး တရုတ်နိုင်ငံသားတွေကိုရောင်းချနေတာနဲ့ လောင်း ကစားရုံတွေ ဖွင့်လှစ်နေတာနဲ့ပတ်သက်ပြီး ဒေသခံတွေက ကန့်ကွက်ချင်ကြပေမယ့် စစ်တပ်က အာဏာသိမ်းထားတဲ့ ကာလဖြစ်လို့ မကန့်ကွက်ရဲဘူးလို့ မြို့ခံတွေက ဆိုပါတယ်။
မြို့ခံတဦးက “စစ်တပ်က အာဏာသိမ်းထားတဲ့ ကာလကြီးဖြစ်တော့ စစ်တပ်က ခန့်ထားတဲ့ လူတွေက အာဏာပြပြီး လုပ်ချင်ရာလုပ်နေတာပေါ့။ မြေကွက်ရိုက်တယ် တရုတ်တွေကိုရောင်းတယ်။ လောင်းကစားရုံတွေ နှစ်ဆယ်လေးနာရီဖွင့်တယ်။ ဘယ်သူမှ မကန့်ကွက် ရဲဘူးဗျ။ ကြောက်နေရတယ်” လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ‘၀’ တိုင်းဦးစီးအဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။ ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်ဟာ မြန်မာ- တရုတ် နှစ်နိုင်ငံနယ်စပ်မှာ တည်ရှိပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ ပါဝင်ကာ ‘၀’ ပြည်သွေးစည်း ညီညွတ်ရေးတပ် (UWSA)နယ်မြေနဲ့လည်း ထိစပ်နေပါတယ်။