close

ဘိုတု ဘူးရွဲ့ ကြင်စိုး

close

April 20, 2022

ဘိုတု ဘူးရွဲ့ ကြင်စိုး (သရော်စာ)

“မဟာသင်္ကြန်ရက်တွေအတွင်းမှာ မဟာအရှက်တော်ဗြန်းဗြန်းကွဲခဲ့တဲ့ ကြင်စိုးဟာ မြန်မာနှစ်ဆန်း တစ်ရက်နေ့မတော့ မဟာအကြံအစည်ကြီးနဲ့ မဟာအမိန့်တော်ပြန်တမ်းတွေကို မဟာ့မဟာ ချပြလာပြန်ပါသဟ ဖေကြီးရ”

အဘစောမူးသာက မမိတစ်ချက် မိတစ်ချက် အင်တာနက်ဖုန်းလိုင်းကို ကြည့်ရှုနေရင်းနဲ့ ပြောပါတယ် ခင်ဗျ။ ကြောင်ချီးသာ၀ ငပု ဂျီနို ကြင်စိုးတစ်ကောင် ဘာတွေများ ထကြောင်ပြန်ပြီလဲ မဆိုနိုင်တဲ့။

“တော်တော့်ကို ကြောင်တဲ့ကောင်ကြီးပါလားဟ၊ ဆရာအီကြာကွေးရဲ့ စကားငှားပြောရရင် ‘ကမ္ဘာ့ငကြောင်ကြီး’ ပေါ့ကွ . . . ဟားဟား ဟားဟား ဟားဟား”

အဘစောမူးသာကား ထုံးစံအတိုင်းပင် ‘တဟားဟား’ ပါ ခင်ဗျ။ ဖုန်းကိုကြည့်ကာ ပွတ်ကာ မအလ၏ နောက်ဆုံးရ ရူးချက် ကြောင်ကွက်သတင်းများကို ရှာဖွေကာ ဖတ်ရှုပြနေပြန်ပါလေ၏။

“မအလကြီး ဘာတွေ ဘယ်လိုများ ထပ်မံ၍ ကြောင်တော်မူပြန်ပါသလဲ ‘သတိုး သီရိ သုဓမ္မ အဘ စောမူးသာ ' ခင်ဗျား "

“ဟားဟား ဟားဟား ဟားဟား . . ဖေကြီးဗိုက်ထဲမှာ ‘ပုဏ္ဏားလေး’ ရှိပုံပါပဲလားကွ . . . အာဟ အာဟ”

“ဘာဖြစ်လို့လဲ အဘရဲ့”

“မောင်ရင် အခုပဲ ပြောချလိုက်တဲ့အထဲမှာ ‘သတိုး သီရိ သုဓမ္မ’ ဆိုတာ ပါသွားတယ်လေကွာ”

“ဘာရယ်မဟုတ်ပါဘူး အဘရာ၊ ‘ဦးနေဝင်း’ ကြီးကို ရုတ်တရက် သတိရမိသွားတာနဲ့ သူ့ခေတ်မှာ သူရခဲ့တဲ့ဘွဲ့ကို နှုတ်ကနေ ထွက်သွားတာ”

“ဟားဟား ဟားဟား ဟားဟား . . ဖေကြီးဗိုက်ထဲမှာရှိတဲ့ ‘ပုဏ္ဏား’က တဦးတည်းတောင် မဟုတ်လောက်ဘူး၊ ‘အမြွှာပူး’ ဖြစ်ရမကွ အာဟ အာဟ”

“ဟားဟား ဟားဟား ဟားဟား . . .”

အဘစောမူးသာရဲ့ လိုင်းပေါ်က သတင်းတွေအရ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ငပုကြင်စိုးဟာ သေဆုံးကွယ်လွန်ပြီးလို့ အရိုးတွေတောင်မှ ဆွေးမြေ့ပျောက်ပျက်သွားကြပြီဖြစ်သည့် ပုဂ္ဂိုလ်ပေါင်း မြောက်မြားစွာကို ဘွဲ့ထူးတွေ ဂုဏ်ထူးတွေ တသီတတန်းကြီး ပေးပြန်ပါသတဲ့။

ဘွဲ့တွေကား လွန်စွာမှများပြားလှပါ၏ တဲ့။

‘သုဓမ္မသင်္ဂဟဘွဲ့၊ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့၊ အဂ္ဂမဟာသီရိသုဓမ္မဘွဲ့၊ သတိုးသီရိသုဓမ္မဘွဲ့၊ အဂ္ဂမဟာသရေစည်သူဘွဲ့၊ သတိုးမဟာသရေစည်သူဘွဲ့၊ မဟာသရေစည်သူဘွဲ့၊ စည်သူဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့ . .’ စသည်ဖြင့်ပါ တဲ့။

ဘွဲ့ထူးတွေ ပေးအပ်ချီးမြှင့်ခံရတဲ့သူတွေကလည်း အများကြီးပါတဲ့။ အတော်မှ အတော့်ကို များတာပါတဲ့ ခင်ဗျ။ အဲသည် စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေဟာ တစ်ဦး တစ်ယောက်မှ မကျန်သလောက်အထိပါပဲ တဲ့။

ဦးနေဝင်း၊ ဦးစန်းယု၊ ဗိုလ်ချုပ်ကြီးသူရကျော်ထင်၊ သူရဦးထွန်းတင်၊ ဒုတိယဗိုလ်ချုပ်ကြီးအေးကို၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းရီ၊ ဦးမောင်မောင်ခ၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဒေါက်တာမောင်မောင်၊ ဦးစိန်လွင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ကအစ ဗိုလ်ချုပ်တွေ ဗိုလ်ချုပ်တွေ ဗိုလ်ချုပ်တွေ ဆိုတာများ လေး ငါး ခြောက်ဆယ်လောက်ကို ပေးထည့်လိုက်တာပါတဲ့ခင်ဗျား။

အဲသည်အထဲမှာ ‘နာမည်ဆိုး’နဲ့ကျော်ကြားပြီး မိန်းမပွေမှုတွေကြောင့်၊ သူငယ်ပွေမှုတွေကြောင့် အကြီးအကျယ် ပေါ်တင်လာဘ်စားမှုတွေကြောင့် တပ်က အထုတ်ခံရပြီး ထောင်သွင်း အကျဉ်းအချခံခဲ့ရတဲ့ သူ့ရဲ့စီနီယာ ‘အစ်ကိုကြီး ညီလေး အဘတွေ’ တထောကြီးပါတဲ့ခင်ဗျာ။

“အခုအထိ သူ့ကို တကမ္ဘာလုံးက အစိုးရအဖြစ် လုံးဝကို အသိအမှတ်မပြုကြတဲ့အခါ ဘာဆက်လုပ်လို့ ဘာဆက်ကိုင်ရမယ်မှန်း မသိတော့တဲ့အခါ စိတ်ကူးတဲ့ရာ ကပေါက်တိကပေါက်ချာ ယောင်ချာချာ ကြောင်တက်တက်တွေ ထွက်ထွက်လုပ်တာပေါ့လကွာ”

“ဒါကတော့ ဂျီနိုကြင်စိုးရဲ့ မရိုးနိုင်တဲ့ ‘ကလေးကွက်တွေ’ ပဲပေါ့ အဘရာ”

“ဟားဟား ဟားဟား ဟားဟား . . .”

အဘစောမူးသာ ပြောပုံအရ ဗိုလ်ချုပ်ဟောင်းတွေအကုန်လုံးနီးပါး ဘွဲ့ထူး ဂုဏ်ထူးတွေနဲ့ သူကောင်းပြုခံကြရပါသတဲ့ ခင်ဗျ။ သူ ပြောပြတဲ့လူစာရင်းကို နားထောင်ကြည့်တော့ တကယ့်ကို ဟုတ်ပါသဗျ။

“ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးဘုန်းမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်အောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်အောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်ရဲကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဘ၊ ဗိုလ်ချုပ်ချစ်လှိုင်၊ ဗိုလ်ချုပ်မောင်မောင်ဝင်း၊ ဗိုလ်ချုပ်သူရစောဖြူ ၊ ဗိုလ်ချုပ်ကိုကြီး၊ ဗိုလ်ချုပ်မြင့်ဆွေ၊ ဗိုလ်ချုပ်လွင်ဦး၊ ဗိုလ်ချုပ်ထွန်းတင်၊ ဗိုလ်ချုပ်ဂျီထောင်ဇာခိုင်၊ ဗိုလ်ချုပ်အောင်ခင်၊ ဗိုလ်ချုပ်လှဦး၊ ဗိုလ်ချုပ်ဖေမြိုင်၊ ဗိုလ်ချုပ်မင်းဂေါင်၊ ဗိုလ်ချုပ်ခင်မောင်ကျော်၊ ဗိုလ်ချုပ်မြင့်လွင်၊ ဗိုလ်ချုပ်သန်းဦး၊ ဗိုလ်ချုပ်ညွန့်တင်၊ ဗိုလ်ချုပ်အောင်ကြည်၊ ဗိုလ်မှူးချုပ်သန်းတင်၊ ဗိုလ်မှူးချုပ်တင့်ဆွေ၊ ဗိုလ်မှူးချုပ်သောင်းတင်၊ ဗိုလ်မှူးချုပ်သောင်းဒန် . . . ဟူး . . ငါ့ကို ရေတစ်ခွက်လောက်ပေးပါအုံး မူးလာရေ”

“ဟားဟား ဟားဟား ဟားဟား . . . . .”

အဘစောမူးသာကား လျှာထွက်နေလေပြီ။

သူ့မြေးလေး စောမူးလာက တကယ်ပင် ရေတစ်ခွက် ပြေးခပ်ချလာပါလေ၏။

“ရော့ အဘ . . . သောက် . . သောက်”

“ဟားဟား ဟားဟား ဟားဟား . . . . .”

လိုက်လည်းလိုက်တဲ့ မြေးအဖိုးတွေပါတကား။

“အေးကွ . . . အခုလိုမျိုး သူ့အစ်ကိုကြီးတွေကို ဘွဲ့ထူးဂုဏ်ထူးတွေနဲ့ ကန်တော့ပြီးကာမှ စိတ်ဖောက်လာတဲ့အခါ ‘ခိုင်သင်းကြည်’ လို ‘လူမှုထူးချွန်ဆု’ ပြန်အသိမ်းခံရတာမျိုးတွေလည်း ရှေ့လျှောက်ပေါ်ပေါက်လာနိုင်ပါသဗျား . . ဟားဟားဟားဟား”

“ဟားဟား ဟားဟား ဟားဟား . . . .”

ကြင်စိုး၏ သူကောင်းပြု ဘွဲ့ထူး ဂုဏ်ထူးတွေကို တက်ရောက်ယူနိုင်မည့်သူတို့ကား ‘လက်ချိုး’ ရေလို့ပင် ရပါလေ၏။

အများစုကား အနိစ္စသဘောဖြင့် ကိစ္စချောကာ တိမ်းပါးသွားခဲ့ကြပြီ ဖြစ်ပါ၏။

“ဒါကတော့ ဂျီနိုကြင်စိုးရဲ့ ‘ရိုးဟိုးဟိုး’နေပြီဖြစ်တဲ့ ကလေးကွက်တွေပေါ့ဟ”

“အဲသည်အထဲမှာ အထူးအဆန်းဆိုလို့ ဘာများပါလို့လဲ အဘရာ၊ အကွက်ဟောင်းကြီးပါပဲ”

“ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . . . . .”

အဘစောမူးသာရဲ့ အဲသည် ‘တဟဲဟဲ’ သရော်တော်တော်ရယ်သံထဲမှာ လျှို့ဝှက်ချက်တစ်ခုကို ရိပ်ခနဲ မြင်လိုက်ရပါ၏။

“ဒီတစ်ခါတော့ ခါတိုင်းတွေထက် ပိုပြီး ထူးထူးဆန်းဆန်း ရူးရူးနှမ်းနှမ်း ပေါက်တောက်တောက် ဂေါက်တောက်တောက် အချက်ကြီးတစ်ခု ပါသကွ”

“ဘာများပါလဲ အဘရာ၊ လင်းစမ်းပါအုံး”

“ဟားဟား ဟားဟား ဟားဟား . . . .ဆံသဆရာ ဆံပင်ညှပ်သမားတွေဟာ သူများခေါင်းတွေကိုပဲ ညှပ်ပေးနိုင်တယ်လို့ ငါ အရင်တုန်းက အထင်မှားခဲ့တာကွ . . . အာဟ အာဟ . . .”

“အခုက ဘယ်လိုဖြစ်လို့လဲ အဘရဲ့”

“အိမ်း . . . မင့်ကောင် ပြည်သူ့ချဉ်ဖတ် ငပု ငကြောင် ငယောင် ငပေါက် ကြင်စိုးတစ်ယောက် သူ့ကိုယ်သူလည်း ဘွဲ့ထူး ဂုဏ်ထူးတွေ ပြန်ပေးနေတဲ့အဆင့်ကို ရောက်သွားပြီဆိုတော့ ကမ္ဘာ့အံ့ဖွယ်ပါပဲဗျား၊ ဟားဟား ဟားဟားဟားဟား”

“ဟိုက် ရှား ဘား . . .”

“မအလ က မအလ ကို ဘယ်လိုမျိုး ဘွဲ့ထူး ပေးအပ်ချီးမြှင့်သလဲ ဆိုတော့ ဖေကြီး ခုနက ဝင်လာရင်း ပြောချလိုက်တဲ့ ဟိုးတုန်းကဦးနေဝင်းရဲ့ဘွဲ့နဲ့ အတူတူပဲဗျား ဟားဟား ဟားဟား ဟားဟား”

“ဒါဆို ‘သတိုး သီရိ သုဓမ္မ မအလ’ ပေါ့”

“အေးပေါ့ . . . ‘သူခိုး ပီဘိ လုဓားပြ မအလ’ ပေါ့ကွ”

“ဒီဘွဲ့တင်ပဲလား အဘ . . .”

“တခါတည်း နှစ်ဘွဲ့ကြီးတောင် ကိုယ့်ကိုယ်ကိုယ်ပေးပြီး ကိုယ့်ဂိုးကိုယ်သွင်းတာကွ၊ ဟောသည်မှာ ကြည့်ကြည့်လေ နောက်တစ်ဘွဲ့ကို”

“အဲ . . . ‘သတိုး မဟာ သရေ စည်သူ’ ဘွဲ့ ဆိုပါကလား အဘရာ”

“အေးလကွာ . . . ‘သူခိုး ငနာ ဂလေညှီသူ ' ပေါ့လကွ . . .  ဟ ဟ ဟ ဟ”

လူတွေကို သူ့ဘက်ပါလာအောင် ကြံဆောင်နေတဲ့ ကြင်စိုးဟာ ဒီတစ်ခါတော့ ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်ကာ ဆံပင်ညှပ်ပါသတဲ့ ခင်ဗျာ။ ကမ္ဘာ့ဂင်းနစ်စံချိန်စာအုပ်ထဲမှာတောင် ပါတော့မယ့် လုပ်ဆောင်ချက်လို့ အဘစောမူးသာက ပြုံးစပ်စပ်နဲ့ သုံးသပ်ခဲ့ပါသဗျ။

“အေး . . . ဖေကြီး မှတ်ထား၊ ကိုယ့်ကိုယ်ကိုယ် ဆံပင်ပြန်ညှပ်ရင် အမှားမှားအချော်ချော်တွေဖြစ်ပြီး ဟိုဟာလွဲ ဒီဟာလွဲ ဟိုနေရာကွက် သည်နေရာကွက်နဲ့ ပုံမတဲ့ဖြစ်တတ်တာ သဘာဝကွ”

“ ဒီတော့ . . .”

“ဒီတော့ . . . အလွဲလွဲအချော်ချော်တွေ ဗလပွနဲ့ လေးကွက်ကြားဖြစ်ပြီး နောက်ပိတ်ဆုံး “ခေါင်းတုံး” ကြီး တုံးလိုက်ရတတ်ပါသဗျား . . . ဟားဟား ဟားဟား ဟားဟား . . .”

ဖေကြီး (လေရှီး)

1 min Ago
Up