close

ဘိုနို

close

May 20, 2022

အဆိုတော်ဘိုနိုနှင့် ပုပ်ရဟန်းမင်းကြီးတို့ ရောမမြို့တွင် တွေ့ဆုံ

အသက် ၆၂ နှစ်အရွယ် ယူတူး တေးဂီတအဖွဲ့ရဲ့ အဆိုတော်ဘိုနိုနဲ့ အသက် ၈၅ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ဟာ မေ ၁၉ ရက်က ရောမမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

အွန်လိုင်းဗီဒီယိုနဲ့ဒါမှမဟုတ် လူကိုယ်တိုင်တွေ့ဆုံမှုတွေကို အားပေးတဲ့ ကျောင်းတွေရဲ့ ကမ္ဘာတဝန်း ကွန်ရက်တခုဖြစ်တဲ့ Scholas Occurrentes ကနေ စီစဉ်တဲ့ပွဲတခုမှာ သူတို့ရဲ့ ထင်ပေါ်ကျော်ကြားမှုကို အသုံးချပြီး လူထုနဲ့ ထိတွေ့ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုကို ပုပ်ရဟန်းမင်းကြီး မဖြစ်ခင် သူ့ရဲ့ဇာတိ အာဂျင်တီးနားမှာ ဗြူနိုအေးရိစ်ရဲ့ ဂိုဏ်းချုပ်ဘုန်းတော်ကြီးအဖြစ် ရှိနေချိန်က စလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကစလို့ နိုင်ငံပေါင်း ၇၀ ကျော်ကို ပျံ့နှံ့ခဲ့ကာ ဖွံ့ဖြိုးဆဲကမ္ဘာမှာလည်း အများအပြား ပြုလုပ်နေတာဖြစ်ပါတယ်။

ရောမတက္ကသိုလ်က အမေးအဖြေကဏ္ဍမှာ ဘိုနိုက ပုပ်ရဟန်းမင်းကြီးကို မေးခွန်းမေးမြန်းရာမှာ မိန်းကလေးတွေရဲ့ ပညာရေးဟာ အလွန်အမင်း ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရာမှာ စူပါပါဝါဖြစ်ပါကြောင်း၊ ဒါကြောင့် အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ ရာသီဥတု အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာမှာ တူညီတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ပုပ်ရဟန်းမင်းကြီးက ထင်မြင်ယူဆပါသလားလို့ မေးမြန်းခဲ့ပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုရဲ့ အန္တရာယ်တွေကို သတိပေးလေ့ရှိပြီး သဘာဝပတ်ဝန်းကျင်ကို ပိုမိုလေးစားဖို့ မကြာခဏ တောင်းဆိုတတ်တဲ့ ပုပ်ရဟန်းမင်းကြီးက ကျွန်ုပ်တို့ဟာ အမြဲတမ်း မိခင်ကမ္ဘာကြီးလို့ပဲ ပြောတယ်၊ ဖခင်ကမ္ဘာကြီးလို့ ပြောတာ မဟုတ်ဘူး ဆိုပြီး ဖြေကြားလိုက်တာကြောင့် ဒပ်ဘလင်မြို့သားတွေနဲ့ ပရိသတ်အားလုံး ရယ်မော သဘောကျခဲ့ရပါတယ်။

ပုပ်ရဟန်းမင်းကြီးက လူငယ်တွေကို ဘဝကို ရဲရင့်မှုရှိရှိနဲ့ ကဗျာဆန်ဆန် နေထိုင်ဖို့နဲ့ “နိုင်ငံရေးအရ မှန်ကန်တဲ့အရာကို ပိုမိုလုပ်ဆောင်သွားကြဖို့” မိန့်ကြားခဲ့ပါတယ်။

2 mins Ago
Up