ဘိုလီးဗီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့ ဆန်တာခရုဇ်မှာ သန်းခေါင်စာရင်း နှောင့်နှေးကောက်ခံမှုနဲ့ ပတ်သက်တဲ့ ဆန္ဒပြမှုတွေက သီတင်း ၃ ပတ်ကြာ ရှိသွားပြီဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက်ကလည်း ဆန္ဒပြပွဲခဲ့ကြပါတယ်။
၂၀၂၅ ရွေးကောက်ပွဲမတိုင်ခင် လာမယ့်နှစ်မှာ သန်းခေါင်စာရင်းကောက်ဖို့ အာဏာပိုင်တွေကို တောင်းဆိုကြတဲ့ အထွေထွေသပိတ်ကြောင့် အစိုးရအတိုက်အခံတွေရဲ့ ခံတပ်မြို့ဖြစ်တဲ့ ဆန်တာခရုဇ်မှာ မကြာသေးခင် ရက်ပိုင်းအတွင်း ရပ်တန့်သွားခဲ့ရပါတယ်။
ဆန္ဒပြသူတွေဟာ မိုလိုတော့ဗ် ကော့တေးတွေ၊၊ မော်တော်ဆိုင်ကယ်တွေ၊ မီးရှူးမီးပန်းတွေ၊ ကျောက်ခဲတွေနဲ့ တုတ်တွေ ကိုင်ဆောင်ထားတဲ့ အစိုးရဘက်သား မဟာမိတ်အဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ ဆန်တာခရုဇ် စိုက်ပျိုးရေး အလုပ်သမားများ အဖွဲ့ချုပ်ရဲ့ အဆောက်အအုံတွေကို မီးရှို့ခဲ့ပါတယ်။ ၃ ပတ်ကြာ ဆန္ဒပြမှုတွေကြောင့် လူ ၄ ဦး သေဆုံးပြီး ၁၇၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒေသတွင်းအုပ်စုတွေနဲ့ အတိုက်အခံအဖွဲ့တွေ ပြောတာကတော့ လာပက်ဇ်ရှိ ဆိုရှယ်လစ် အစိုးရဟာ သန်းခေါင်စာရင်း ကောက်ယူမှုကို တမင်နှောင့်နှေးအောင် လုပ်နေတာက သူတို့ကို ကွန်ဂရက်လွှတ်တော်မှာ နေရာခပ်များများနဲ့ ပြည်နယ်အရင်းအမြစ်တွေ ခပ်များများကို ခွဲဝေ ရရှိမှာကြောင့်ဖြစ်တယ်လို့ ပြောနေကြပါတယ်။
ဘိုလီးဗီးယားနိုင်ငံမှာ တရားမ၀င် အမြတ်အစွန်းတွေနဲ့ အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတို့ကို ဆန့်ကျင်တဲ့ ဥပဒေတစ်ရပ်ပြဋ္ဌာန်းလိုက်တဲ့ အပေါ် နိုင်ငံတဝန်း ဆန္ဒပြမှုတွေ နိုဝင်ဘာ ၁၁ ရက်က ၄ ရက်မြောက်အဖြစ် ဆက်လက်ဖြစ်ပွားနေပါတယ်။
ဒီဥပဒေဟာ ပုဂ္ဂလိကပိုင် ပစ္စည်းတွေကို သိမ်းယူဖို့ အစိုးရရဲ့လှည့်စားမှုတရပ်လို့ ဆန္ဒပြသူတွေက ဝေဖန်နေကြတာဖြစ်ပါတယ်။
ပိုတိုစီမြို့တော်မှာ မိုင်းတွင်းအလုပ်သမားသမဂ္ဂတွေဟာ လုပ်ငန်းခွင်အဆင်တန်ဆာဝတ်စုံပြည့်နဲ့ ဆန္ဒပြပွဲကို ချီတက်ဆင်နွှဲခဲ့ကြပြီး အနီရောင်နဲ့ အဖြူရောင်အလံတွေကို ဝှေ့ယမ်းပြီးတော့ အဆိုပါ ဥပဒေ အမှတ် ၁၃၈၆ ကို ဖျက်သိမ်းဖို့ တောင်းဆိုနေကြတာပါ။
ဒီကိစ္စနဲ့ပတ်သက်လို့ သမ္မတ လူဝီအာစီအနေနဲ့ ချက်ချင်းဖြေရှင်းပေးဖို့နဲ့ ပြည်သူအားလုံးရဲ့စကားကို နားထောင်ပြီး အုပ်ချုပ်ဖို့ တောင်းဆိုလိုက်ကြောင်း ပိုတိုစီ သတ္တုတွင်း သမဝါယမ ဖက်ဒရေးရှင်းရဲ့ဥက္ကဋ္ဌ အက်ဂါဟယ်လ်ပါက ပြောပါတယ်။
နိုင်ငံရဲ့သယ်ယူပို့ဆောင်ရေးနဲ့ လက်လီရောင်းချရေးသမဂ္ဂများမှ နိုဝင်ဘာ ၈ ရက်မှာစတင်ပြီး ရက်အကန့်အသတ်မရှိ သပိတ်မှောက်ခဲ့ကြပါတယ်။
ဒီသပိတ်ကို အတိုက်အခံ အရပ်ဘက်နဲ့နိုင်ငံရေးအဖွဲ့တွေလည်း ပါဝင်ခဲ့ကြပြီး သမ္မတရဲ့ ဆိုရှယ်လစ်အစိုးရဟာ အာဏာကို ဗဟိုချုပ်ကိုင်မှုလုပ်ထားပြီး သဘောထားကွဲလွဲသူတွေကို နှိမ်နင်းဖို့ ဥပဒေနဲ့ တရားစီရင်ရေးစနစ်ကို ကျင့်သုံးနေတယ်လို့ စွပ်စွဲကြပါတယ်။