close

ဘိုလီးဗီးယားအစိုးရ

close

December 31, 2022

ဘိုလီးဗီးယားအစိုးရက အတိုက်အခံခေါင်းဆောင် ကမာချိုကို အကြမ်းဖက်မှုဖြင့် စွဲချက်တင်

ဘိုလီးဗီးယား အစိုးရရှေ့နေတွေဟာ ၂၀၁၉ ခုနှစ် နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ စပ်လျဉ်းပြီး လက်ယာယိမ်း အတိုက်အခံ အုပ်ချုပ်ရေးမှူး လူးဝစ္စဖာနန်ဒိုကမာချိုကို တရားခွင်အကြို ၆ လ ထိန်းသိမ်းထားခွင့် တောင်းဆိုထားကြောင်း ပြည်နယ်အစိုးရရှေ့နေ အိုမာမယ်ဟီယိုးနက်စ်က ဒီဇင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။ 

ကမာချိုကို ဒီဇင်ဘာ ၂၈ ရက်က ဖမ်းဆီးခဲ့ပြီး နိုင်ငံရေးမြို့တော် လာပက်ဇ်ကို ခေါ်ဆောင်သွားတာကြောင့် ဆန်တာခရုဇ်ဒေသရှိ သူ့ရဲ့ချမ်းသာတဲ့ စိုက်ပျိုးရေးအခြေစိုက်စခန်းနဲ့ နိုင်ငံတော်အစိုးရကြား တင်းမာမှုတွေ တိုးလာနေပါတယ်။ 

အစိုးရရှေ့နေတွေဟာ ကမာချိုကို အကြမ်းဖက်မှုနဲ့ စွဲချက်တင်ထားပြီး တာဝန်ချိုးဖောက်မှု၊ သြဇာအလွဲသုံးစားမှုနဲ့ သမ္မတနဲ့ အဆင့်မြင့် နိုင်ငံတော်ဂုဏ်သရေရှိသူတွေကို တိုက်ခိုက်မှုတွေ အပါအဝင် စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း မယ်ဟီယိုးနက်စ် က ပြောကြားခဲ့ပါတယ်။ 

ဒီစွဲချက်တွေဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလက လက်ဝဲဝါဒီသမ္မတ အီဗို မိုရာလက်စ်  ဖြုတ်ချခံရတာနဲ့ ဆက်စပ်နေတာပါ။ 

မိုရာလက်စ်ဟာ အငြင်းပွားနေတဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရကြောင်း ကြေညာခဲ့ပေမဲ့ ပြင်းထန်တဲ့ ဆန္ဒပြပွဲတွေကြားမှာ တိုင်းပြည်ကနေ ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီထဲက တချို့ဆန္ဒပြပွဲတွေကို လက်ယာယိမ်း ပြည်သူ့ခေါင်းဆောင် ကမာချိုက ဦးဆောင်ခဲ့တာပါ။ ကမာချိုရဲ့  မဟာမိတ်သမ္မတဟောင်း ကားလို့စ်မီဆာကတော့ အီဗို မိုရာလက်စ် လုပ်ဆောင်တဲ့ ဧရာမရွေးကောက်ပွဲလိမ်လည်မှုတခုကနေ ဖြစ်ပေါ်လာတဲ့ အမှုတခုဖြစ်ပြီး အကြမ်းဖက်မှုစွဲချက် ဆိုတာတွေက ဘာအဓိပ္ပာယ်မှ မရှိဘူးလို့ ရိုက်တာကို ပြောကြားခဲ့ပါတယ်။

လာပက်ဇ် အစိုးရရှေ့နေရုံးကနေ ထုတ်ပြန်ချက်ထဲမှာ သူ့အပေါ်စွပ်စွဲချက်တွေဟာ အမှန်တရားနဲ့ ယုံကြည်စိတ်ချရမှု ကင်းမဲ့တယ်လို့ ကမာချိုက ပြောထားတဲ့ ကြေညာချက်ကို သူ့ရဲ့ ဆက်ဆံရေးအဖွဲ့က ဒီဇင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

ဆန်တာခရုဇ် အုပ်ချုပ်ရေးမှူး ကမာချိုကို မတရား ဖမ်းဆီးထားတာဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေ ကလည်း ပြောကြားလိုက်ပြီး ဒီဖမ်းဆီးမှုဟာ “ပြန်ပေးဆွဲခြင်း” သို့မဟုတ် နိုင်ငံရေးအရ လှုံ့ဆော်မှုတစ်ခုဖြစ်တယ်လို့ပြောပေမဲ့ ပြည်နယ် ရှေ့နေရုံးက ငြင်းဆိုထားပါတယ်။ 

ဆန်တာခရုဇ်မှာ ဒီဇင်ဘာ ၂၈ ရက်က ဆန္ဒပြပွဲတွေဟာ အစိုးရရှေ့နေရုံးချုပ်ကို မီးတင်ရှို့ပြီးနောက် အပျက်အစီးတွေနဲ့ အဆုံးသတ်ခဲ့ကာ ဒီဇင်ဘာ ၂၉ ရက်မှာတော့ စိတ်မချမ်းမြေ့စရာ တိတ်ဆိတ် ငြိမ်သက်နေပါတယ်။ 

7 mins Ago

December 3, 2019

ဒေသတွင်းနိုင်ငံများ မတည်ငြိမ်အောင် ဗင်နီဇွဲလား ကြိုးပမ်းနေဟု ဘိုလီးဗီးယားအစိုးရ စွပ်စွဲ

ဒေသတွင်း နိုင်ငံတွေ မတည်မငြိမ်ဖြစ်အောင် ဗင်နီဇွဲလားနိုင်ငံက ကြိုးပမ်းနေတယ်လို့ ဘိုလီးဗီးယား ကြားဖြတ်အစိုးရက ဒီဇင်ဘာလ ၂ ရက်နေ့မှာ စွပ်စွဲလိုက်ပါတယ်။   မကြာသေးခင်ရက်တွေက ဘိုလီဗီးယားမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု အားလုံးကို  ဗင်နီဇွဲလား လွှတ်တော်ဥက္ကဋ္ဌဟောင်း ဒီယိုဆာတို ကာဘယ်လိုကနေတဆင့် သမ္မတ မာဒူရိုက ငွေကြေး ထောက်ပံ့ခဲ့တယ်လို့ ဘိုလီးဗီးယားအစိုးရ ဝန်ကြီးက စွပ်စွဲပြောကြားပါတယ်။    အကြမ်းဖက်ဖြစ်စဉ်တွေကို  ကိုလံဘီယာ၊ ချီလီနဲ့ ပီရူးနိုင်ငံတွေ လက်ရှိ တွေ့ကြုံနေပြီး ဒါဟာ ဘိုလီးဗီးယား တနိုင်ငံတည်း မဟုတ်ဘဲ လက်တင်အမေရိကနိုင်ငံတချို့အပေါ်  ထိခိုက်အောင် ပူးပေါင်းကြံစည်တာပဲလို့ ဝန်ကြီး အာသူရိုမိုရီလိုက ပြောပါတယ်။ ဘိုလီးဗီးယား သမ္မတဟောင်းနဲ့ ဒုသမ္မတဟောင်းတို့ဟာ မူးယစ်အကြမ်းဖက်မှု အစီအစဉ်နဲ့ ဆက်နွှယ်တယ်ဆိုပြီးလည်း ဆန်တာခရုဇ် ရဲတပ်ဖွဲ့က ကားချပ်အသုံးပြု ရှင်းပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဘိုလီးဗီးယား ကြားဖြတ်အစိုးရဟာ သမ္မတဟောင်း မိုရာလက်စ်ကို   နိုင်ငံတော် ပုန်ကန်မှု၊ အကြမ်းဖက်မှုတွေနဲ့ တရားစွဲဆိုခဲ့သလို အာဏာပိုင်တွေကလည်း မိုရာလက်စ်  မဟာမိတ်တွေကို အကျင့်ပျက်ခြစားမှု၊ နိုင်ငံရေး မတည်ငြိမ်အောင် ဖန်တီးမှုတွေနဲ့ စွပ်စွဲပြီး စုံစမ်းရေး စတင်လုပ်ဆောင်နေပါတယ်။
3 years Ago
Up