တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်းမှာ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းတင်းကျပ်မှုတွေအပေါ် ဆန့်ကျင်တဲ့ဆန္ဒပြပွဲကို သတင်းယူနေတဲ့ ဘီဘီစီသတင်းထောက် အဒ်လောရင့်စ်ကို ရဲတွေက ဖမ်းဆီးသွားပါတယ်။
ရုပ်သံထဲမှာ သတင်းထောက်ကို တရုတ်ရဲတွေနဲ့ အတူတွေ့ရပြီး အနားကလူတွေက ပြန်လွှတ်လို့ ကြွေးကြော်နေတဲ့ အသံတွေကိုပါ ကြားရပါတယ်။
အဒ်လောရင့်စ်ကို တရုတ်ရဲတွေက ရိုက်နှက်ဖမ်းဆီးပြီး လက်ထိပ်ခတ်ကာ နာရီအတော်ကြာမှ ပြန်လွှတ်ပေးခဲ့တယ်လို့ ဘီဘီစီသတင်းဌာနက ပြောပါတယ်။
နိုဝင်ဘာ ၂၇ ရက် ညပိုင်းက ရှန်ဟိုင်းမှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ခဲ့ပြီး အဖြူရောင် ဘုတ်အလွတ်ကို ကိုင်ထားတဲ့ ဆန္ဒပြသူတွေ အဖမ်းခံခဲ့ရပါတယ်။
ဆန္ဒပြသူတွေက စာရွက်အလွတ်တွေကို ကိုင်ဆောင်ရင်း ကန့်ကွက်ဆန္ဒပြနေခဲ့ကြတာ ၃ ရက် ရှိပါပြီ။
တရုတ်နိုင်ငံ အနောက်ဘက်စွန်းမှာ လူအသေအပျောက်များတဲ့ တိုက်ခန်းတွဲမီးလောင်မှု ဖြစ်အပြီး ဆန္ဒပြပွဲတွေ မြို့အများအပြားဆီ ပျံ့နှံ့သွားခဲ့တာပါ။ ဆန္ဒပြသူတွေက ဝူဟန်နဲ့ ချန်ဒူမြို့တွေမှာ တနင်္ဂနွေနေ့က လမ်းတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
မြို့တော်ဘေဂျင်းမှာ လူစုလူဝေး သေးသေးလေးတွေက ဆုတောင်းပွဲတွေ ငြိမ်းငြိမ်းချမ်းချမ်း ဆင်နွှဲခဲ့ပြီး တရုတ်နိုင်ငံတဝန်းက တက္ကသိုလ်ကျောင်းတွေမှာ ကျောင်းသားတွေက သီတင်းပတ်ကုန်ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။
ရှင်ကျန်းပြည်နယ်ရဲ့ မြို့တော် ဥရမ်းကီးမြို့မှာ နိုဝင်ဘာ ၂၄ ရက်က မီးလောင်ခဲ့လို့ လူ ၁၀ ဦး သေဆုံးခဲ့တဲ့ ရုပ်သံဟာ လူမှုကွန်ရက်ပေါ်မှာ အကြီးအကျယ် ပျံ့နှံ့ခဲ့ပါတယ်။ ကိုဗစ်ဆိုင်ရာ ပိတ်ဆို့အရေးယူမှုကြောင့် လူသေတဲ့အထိ မီးလောင်ခဲ့တာလို့ စွပ်စွဲခဲ့ကြပါတယ်။
ကိုဗစ်တိုက်ဖျက်ရေး အစီအမံတွေက ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ တရုတ်အပေါ် အကြီးအကျယ် ထိခိုက်စေခဲ့တာပါ။