ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကာလအတွင်း ဘီယာရောင်းချတဲ့ အမေရိကန်ကုမ္ပဏီတွေ ရောင်းကောင်းပြီး အလုပ်ဖြစ်နေကြပါတယ်။
အရက်နဲ့ဘီယာ ရောင်းချ သောက်သုံးတာကို ကန့်သတ်ထားတဲ့ အစ္စလာမ္မစ်နိုင်ငံ ကာတာဟာ အခု ကမ္ဘာ့ဖလားမှာတော့ ဘီယာရောင်းချ သောက်သုံးခွင့်ကို ဖြေလျှော့ပေးခဲ့ပါတယ်။
အရင်က လူအများနဲ့သက်ဆိုင်တဲ့ နေရာတွေမှာ အရက်၊ ဘီယာ ရောင်းချ သောက်သုံးခွင့် မပေးခဲ့ပေမဲ့ အခုတော့ FIFA Fan Festival တွေမှာ ဘီယာရောင်းချ သောက်သုံးခွင့် ပေးထားတာပါ။
“အယ်လ်ကိုဟော ပါတဲ့ Budweiser ကို FIFA Fan Festival ပွဲအတွင်းမှာ ရောင်းခွင့်ပြုပြီး ဘောလုံးကွင်းတွေထဲမှာတော့ Budweiser Zero လို့ခေါ်တဲ့ 0% Alcohol ဘီယာတမျိုးတည်းကိုပဲ ရောင်းခွင့်ပြုထားတယ်။ Fan Zone Area ထဲမှာ Beer Court အကြီးကြီး ဖွင့်ထားတယ်။ ဘယ်လောက်ကြီးလဲဆိုရင် Fan Zone ထဲမှာ သူနဲ့အပြိုင်ဖွင့်ထားတဲ့ နာမည်ကြီး Coca Cola ဆိုင်ရဲ့ ၃ ဆလောက်ရှိတယ်။ အဲလောက်ကြီးတာတောင်မှ ဘီယာဝယ်ချင်ရင် အချိန်ပြည့် တန်းစီပြီး စောင့်ရတယ်။ ပွဲစချိန်ကနေ ပွဲဆုံးတဲ့အချိန်ထိ ဘီယာဝယ်ဖို့ တန်းစီနေတဲ့လူတွေက အပြည့်ပဲ” လို့ ကာတာမှာ ရောက်ရှိနေတဲ့ မြန်မာတယောက်က ပြောပါတယ်။
Budweiser ဟာ အမေရိကန်ဘီယာကုမ္ပဏီဖြစ်ပြီး ဘီယာဖိုးကိုလည်း FIFA ရဲ့ Official Partner ဖြစ်တဲ့ အမေရိကန်ကုမ္ပဏီ VISA Card တမျိုးတည်းနဲ့ပဲ ပေးချေလို့ရတာပါ။
အယ်လ်ကိုဟော ပါတဲ့ ဘီယာ ၅၀၀ ml တခွက်ကို ကာတာငွေ ၅၀ (မြန်မာငွေ ၄၀,၀၀၀ လောက်)၊ အယ်လ်ကိုဟော မပါတဲ့ ဘီယာ ၅၀၀ ml တခွက်ကို ကာတာငွေ ၃၀ (မြန်မာငွေ ၂၅,၀၀၀ လောက်) ပေးရတယ်လို့ သိရပါတယ်။
အရက်ဘီယာသောက်သုံးခွင့် ကန့်သတ်ထားတာကြောင့် အခွန်ကို ၁၀၀ ရာခိုင်နှုန်း ကောက်ခံထားပြီး ပါမစ်ခွင့်ပြုချက်ရှိမှ အရက်ဝယ်ယူခွင့် ပေးထားတာပါ။
ကာတာနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာတယောက်က “အခုရောင်းတဲ့ဈေးက ဟိုတယ်တွေမှာ ရောင်းနေတဲ့ဈေးပဲ။ ဟိုတယ်မှာ ဘီယာ ၃၃၀ ml တခွက်ကို ကာတာငွေ ၄၅ ကျပ်ကျတယ်။ ဒီမှာက အရင်ကဆို ဘီယာဝယ်ခွင့်ပါမစ်ရှိမှ ဝယ်လို့ရတာ။ ပါမစ်ကလည်း ကာတာနိုင်ငံသားတွေနဲ့ GCC (Gulf Cooperation Council ဆိုတဲ့ ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျနဲ့ ယူအေအီး) နိုင်ငံသားတွေ လုပ်လို့မရဘူး။ ကာတာမှာ ၃ လအနည်းဆုံးနေပြီး ဝင်ငွေ ကာတာရီယယ် ၃,၀၀၀ အနည်းဆုံးရှိမှ။ အသက် ၂၁ ကျော်မှ ရတာ။ သူတို့ရောင်းပေးတဲ့နေရာမှာ ဝယ်ရတယ်။ ဝယ်ပြီးရင် ပါမစ်ရှိသူပါတဲ့ ကားနဲ့ပဲ သူနေထိုင်ရာကို တိုက်ရိုက်သွားရတယ်။ အများမြင်အောင် မသယ်ရဘူး။ လက်ဆောင်မပေးရဘူး။ အိမ်မှာပဲ သောက်ရတယ်” လို့ ပြောပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံမှာ နိုဝင်ဘာ ၂၂ ရက်ကနေစတင်ပြီး ဒီဇင်ဘာ ၁၈ ရက်အထိ ကျင်းပနေတာမှာ နိုင်ငံပေါင်း ၃၂ နိုင်ငံကိုယ်စားပြု လက်ရွေးစင်အသင်းတွေ ဝင်ရောက် ယှဉ်ပြိုင်နေကြတာဖြစ်ပြီး ဘောလုံးပွဲကြည့်ပရိသတ်ပေါင်း သန်းနဲ့ချီပြီး လာရောက် ကြည့်ရှု အားပေးနေကြတာ ဖြစ်ပါတယ်။