close

ဘီယာဆိုင်

close

March 28, 2023

ကဝမြို့နယ်၌ ဘီယာဆိုင်နေသည့် ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး နယ်ထိန်း ၁ ဦး‌ သေဆုံး

ပဲခူးတိုင်း၊ ကဝမြို့နယ်မှာ ညကင်းလှည့်ပြီး ဘီယာဆိုင်မှာနားနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး နယ်ထိန်း ၁ ဦး‌ သေဆုံးကာ  စခန်းမှူးအပါအဝင် ၄ ဦးထက်မနည်း အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ ပဲခူး PDF က ပြောပါတယ်။

ကဝမြို့နယ်၊ အုန်းနှဲကျေးရွာမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စန်းမြင့် ပိုင်ဆိုင်တဲ့ အာကာမိုးစားသောက်ဆိုင်ရှေ့မှာ ညကင်းလှည့်ပြီး နားနေတဲ့ အုန်းနှဲရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၈ ဦးကို ကဝမြို့နယ် ပ.က.ဖ က မတ် ၂၆ ရက် ည ၁၀ နာရီ ၄၅ မိနစ်က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တပ်ဖွဲ့ဝင်တွေက ပြန်လည်ခုခံပစ်ခတ်ခဲ့လို့ ထိတွေ့တိုက်ပွဲ ၁၀ မိနစ်လောက် ဖြစ်ပွားခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လက်ဦးမှုရယူ အသာစီးတိုက်ခိုက်နိုင်လို့ ရဲတပ်ဖွဲ့ဝင်တွေ ကြာရှည်မခုခံနိုင်ဘဲ ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့တယ်လို့ ပဲခူး PDF တွေက ပြောပါတယ်။

အဆိုပါ လှည့်ကင်းတိုက်ခိုက်မှုမှာ အုန်းနှဲရဲစခန်းက နယ်ထိန်း နိုင်ဦး (ခ) ပြောင်ကြီး ပွဲချင်းပြီး သေဆုံးခဲ့ပြီး စခန်းမှူးအပါအဝင် ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပါတယ်။ သေဆုံးထိခိုက်သူတွေကို အုန်းနှဲတိုက်နယ်ဆေးရုံကို ညတွင်းချင်း ပို့ဆောင်ကုသနေတယ်လို့ သိရပါတယ်။

ကဝမြို့နယ်၊ သက္ကလမြို့၊ ရွှေပြည်အေးရပ်ကွက်၊ သက္ကလရဲစခန်းရှေ့မှာလည်း ကဝမြို့နယ်ပကဖက အဆိုပါညမှာပဲ ထပ်မံပြီး စစ်ကူလမ်းကြောင်းကို မိုင်းခွဲ ဖြတ်‌တောက်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ စခန်းတွင်းကနေ ရမ်းသန်းပစ်ခတ်ခဲ့ပါတယ်။

စစ်‌ကောင်စီတပ်ဖွဲ့တွေ စခန်းအပြင်ဘက် မထွက်ရဲဘဲ စစ်ကူမလာနိုင်‌လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်မှုမပြုလုပ်ဘဲ ‌ကင်းပုန်းဝပ်စောင့်ကြည့် ပြန်လည်ဆုတ်ခွာခဲ့သလို မိုင်းခွဲတိုက်ခိုက်မှုမှာ ရန်သူထိခိုက်မှုမရှိဘဲ သက္ကလရဲစခန်းရှေ့ရှိ ဓာတ်တိုင် ကွဲသွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ဆင်ရေးနှစ်ခုစလုံးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘဲ‌ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှု ပိုများလာတယ်လို့ ကဝ ပကဖက ထုတ်ပြန်ထားပါတယ်။

6 hours Ago

December 3, 2022

ဘီယာဆိုင်ထိုင်နေသည့် စဉ့်ကူရဲစခန်းမှူး အပါအဝင် ၅ ဦး ပစ်ခတ်ခံရပြီးသေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ စဥ့်ကူနယ်မြေ ရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦး ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က ဘီယာဆိုင်ထိုင်နေချိန် အထူးကွန်မန်ဒိုအဖွဲ့ဝင်တွေ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က သိရပါတယ်။

ပြည်သူတွေကို ဆက်ကြေးကောက်၊ ငွေတောင်းခံပြီး လက်နက်အားကိုးနဲ့အနိုင်ကျင့်နေတဲ့ စဥ့်ကူနယ်မြေရဲစခန်းမှူးနဲ့အဖွဲ့ကို တပ်မမှော်အတွင်းမှာရှိတဲ့ ဘီယာဆိုင်မှာထိုင်နေချိန် ပစ်ခတ်ခဲ့တာလို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ တပ်ဖွဲ့ ၂ က ကိုရန်နောင်က ပြောပါတယ်။

"သူတို့ ဆိုင်ထိုင်နေတာကို ကျနော်တို့က ဝင်ပစ်တာ၊ စခန်းမှူးကောအပါ ၅ ယောက် ဘီယာဆိုင်ထိုင်နေတာ၊ တစ်ယောက်က မတ်တပ်ရပ်နေတာ၊ ကျနော်တို့ဝင်ပစ်တော့ သူတို့ဘက်က ပြန်ပစ်တယ်၊ ကျနော်တို့ရဲဘော် တယောက် ပေါင်ကိုကျည်ထိတယ်၊ ပြီးမှကျနော်တို့ ပြန်ဝင်ပစ်တာ၊ အကုန်လုံးကို အတိုနဲ့ခေါင်းကိုပစ်ခဲ့တာ။”

အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ကွန်မန်ဒို ရဲဘော်တစ်ယောက် ပေါင်မှာ ကျည်ထိမှန်ခဲ့ပေမဲ့  ဒဏ်ရာအခြေအနေ မစိုးရိမ်ရဘူးလို့ပြောပါတယ်။

စခန်းမှူးအပါအဝင် ရဲငါးဦးကို ပစ်ခတ်ပြီးနောက် G3 သေနတ်နှစ်လက်နဲ့ အူဇီတစ်လက် သိမ်းဆည်းရမိခဲ့ပါတယ်။

ပြည်သူတွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်ရှင်းလင်းနိုင်ဖို့ လက်နက်အင်အားလိုအပ်နေတယ်လို့  ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

4 months Ago
Up