အရက်နဲ့ ဘီယာအမျိုးမျိုးကို အခွန်ကောက်ခံမယ်လို့ စစ်ကောင်စီက မတ် ၃၀ ရက်က ဥပဒေ ထုတ်ပြန်ပြီးနောက် ဒီဥပဒေဟာ စစ်ကောင်စီထုတ်ကုန်တွေကို သုံးစွဲလာအောင် လုပ်ဆောင်တာဖြစ်ပြီး တပိုင်တနိုင် ရောင်းချသူတွေနဲ့ စားသုံးသူတွေ အခက်တွေ့စေတယ်လို့ လုပ်ငန်းရှင်တွေက ဝေဖန်ပါတယ်။
ကုန်စည်တွေသယ်ယူရာမှာ ကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် ပြည်တွင်းအရက်စျေးနှုန်းမှာလည်း အရင်ကထက် နှစ်ဆ စျေးမြင့်သွားပြီး အမြတ်နည်းကာ အဆိုပါကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်ခံပါက ဆိုင်ဖွင့်ရောင်းချဖို့ မလွယ်ဘူးလို့ အရက်လက်လီလက်ကား ရောင်းချသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ပြောရရင် စစ်ကောင်စီကထုတ်တဲ့အရက် မသောက်ဘဲ နိုင်ငံခြားဖြစ်အရက် သောက်မယ်ဆိုရင် အခွန်က ၂,၀၀၀ ကနေ ၅,၀၀၀ အထိရှိတယ်။ ၃၀,၀၀၀ တန် အရက်တလုံးဝယ်ရင် ၆၀ ရာခိုင်နှုန်း ပေးရမယ်ဆိုတော့ ၁၈,၀၀၀၊ အဲ့ဒါပါထည့်ပေါင်းရင် လာဝယ်တဲ့သူက ခေါင်းရိုက်ခွဲသွားလိမ့်မယ်။”
စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ ပြည်ထောင်စုအခွန်ကောက်ဥပဒေမှာ ၇၀၀ တန်အရက် တလီတာကို အခွန်အနေနဲ့ ၂၀၉ ကျပ် ပေးဆောင်ရမှာဖြစ်ပြီး ၂၀,၀၀၀ အထက်ရှိတဲ့ အရက်တလီတာ တလုံးကို ၆၀ ရာခိုင်နှုန်း ပေးရမယ်လို့ ဥပဒေမှာ ပါရှိပါတယ်။
အခု စစ်တပ်ထုတ်ပြန်လိုက်တဲ့ ဥပဒေမှာ နိုင်ငံခြားအရက်တွေကို ပြည်သူတွေ မသောက်သုံးနိုင်အောင်လုပ်တာဖြစ်ပြီး စစ်တပ်ကထုတ်တဲ့ အရည်အသွေးမပြည့်မီတဲ့ အရက်တွေကို သောက်သုံးပြီး လူတွေသေအောင်လုပ်တာလို့ အရက်သောက်သုံးသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဥပမာ ၁၀,၀၀၀ တန် အရက်ဝယ်သောက်ရင် ၃,၀၀၀ က စစ်တပ်ကို အခွန်ပေးရမယ်။ မပေးချင်လို့ စစ်တပ်ကထုတ်တဲ့ စျေးပေါတဲ့ တံဆိပ်မျိုးစုံနဲ့ အရက်တွေသောက်၊ မြန်မြန်သေအောင်လုပ်နေတာ။”
ဒီဥပဒေကို ရောင်းချသူနဲ့ စားသုံးသူတွေကြားမှာ မသိရှိတဲ့အတွက် လာရောက်ဝယ်ယူသူတွေဆီက အခွန်ကောက်ပါက မလိုလားအပ်တဲ့ ပြဿနာတွေ တက်နိုင်တယ်လို့ လုပ်ငန်းရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့တောင် သူများလာပြမှာ သိတာ။ ဥပဒေက ၁ ရက်နေ့က အသက်ဝင်တယ်ဆိုတော့ ဘယ်သူမှတောင် မသိဘူး။ လာဝယ်တဲ့သူသာ အဲ့လိုသွားကောက်ရင် ပြဿနာ အကြီးအကျယ်တက်မှာ။”
စစ်ကောင်စီက မတ် ၃၀ ရက်က တလီတာတန်ဖိုး ၁၉,၈၅၁ ကျပ်နဲ့အထက်ရှိတဲ့ အရက်နဲ့ ဘီယာအမျိုးမျိုးကို ၆၀ ရာခိုင်နှုန်း အခွန်ကောက်ခံမှာဖြစ်ပြီး ဆေးပြင်းလိပ်၊ ဆေးတံသောက်ဆေးတွေနဲ့ ကွမ်းစားဆေးအမျိုးမျိုးကို ၈၀ ရာခိုင်နှုန်းအထိ အခွန်ကောက်ခံမယ်လို့ ကြေညာခဲ့ပြီး ဧပြီ ၁ ရက်ကစတင်ကာ ဥပဒေ အသက်ဝင်တယ်လို့ ဖော်ပြထားပါတယ်။
ပြည်ပကနေတင်သွင်းတဲ့ အရက်၊ ဘီယာနဲ့ ဆေးရွက်ကြီး၊ ဆေးပြင်းလိပ် ကုန်စည်တွေအပေါ် တန်ဖိုးရဲ့ ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်ကောက်ခံသွားမယ့် အခွန်အကောက် ဥပဒေသစ်ကို စစ်ကောင်စီက ပြဋ္ဌာန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လွှတ်တော်က ဥပဒေပြဋ္ဌာန်းတာမဟုတ်ဘဲ စစ်ခေါင်းဆောင်ရဲ့အမိန့်နဲ့ ဥပဒေ အမျိုးမျိုးကို စိတ်ကြိုက်ထင်သလို ပြဋ္ဌာန်းနေတာမှာ “၂၀၂၃ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ” ကိုလည်း မတ်လ ၃၀ ရက်စွဲနဲ့ စစ်ခေါင်းဆောင်က အတည်ပြုပြဋ္ဌာန်းလိုက်တာပါ။
ဒီဥပဒေသစ်အရ ဆေးရွက်ကြီးနဲ့ ဗာဂျီးနီးယားပေါင်းတင်ပြီးဆေး ကုန်စည်တွေကို တန်ဖိုးရဲ့ ၆၀ ရာခိုင်နှုန်းအခွန်စည်းကြပ်ဖို့ သတ်မှတ်ထားတဲ့အပြင် ဆေးပြင်းလိပ်၊ ဆေးတံသောက်ဆေးနဲ့ ကွမ်းစားဆေး ကုန်စည်တွေကိုတော့ တန်ဖိုးရဲ့ ၈၀ ရာခိုင်နှုန်း အထိ အမြင့်ဆုံး သတ်မှတ်ထားပြီး အခွန်စည်းကြပ်သွားမှာ ဖြစ်ပါတယ်။
အလားတူ အရက်နဲ့ ဘီယာ ကုန်စည်အပေါ် အခွန်စည်းကြပ်မှုနှုန်းက ပြည်ပကနေ တင်သွင်းတဲ့ မည်သည့် ဘီယာ အမျိုးအစားကိုမဆို ကုန်စည် တန်ဖိုးရဲ့ ၆၀ ရာခိုင်နှုန်း သတ်မှတ်ထားပြီး အရက် ကုန်စည်ကတော့ ၁ လီတာကို ၁၉၈၅၁ ကျပ်နဲ့အထက်ရှိပါက တန်ဖိုးရဲ့ ၆၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမှာပါ။
စစ်ကောင်စီအနေနဲ့ ပြည်ပကနေ တင်သွင်းနေရတဲ့ အရက်၊ဘီယာ နဲ့ ဆေးရွက်ကြီး၊ဆေးပြင်းလိပ် ကုန်စည်တွေအပေါ် အခွန်နှုန်းထားတွေ မြှင့်တင်ထားတာဟာ နိုင်ငံခြားငွေ စီးထွက်မှုကို လျော့နည်းစေလိုတဲ့ ရည်ရွက်ချက် အပြင် စစ်တပ်နဲ့ နီးစပ်တဲ့ အဖျော်ယမကာလုပ်ငန်းစုတွေက ထုတ်လုပ်တဲ့ အရက်၊ ဘီယာတွေကို ပြည်တွင်းဈေးကွက်မှာ ဈေးကွက်ဝေစု ကြီးထွားလာအောင် ရည်ရွယ်ပြီး လုပ်ဆောင်တာလည်း ဖြစ်နိုင်တယ်လို့ အခွန်နဲ့ဘဏ္ဍာငွေကြေးဆိုင်ရာ လေ့လာသူတွေက ထောက်ပြပြောပါတယ်။
“ပြည်ပက သွင်းတဲ့ အရက်၊ ဘီယာနဲ့ ဆေးရွက်ကြီးတွေအပေါ် အခွန်စည်းကြပ်မှုနှုန်းတွေ မြှင့်ထားလိုက်တော့ ဈေးကြီးသွားတဲ့အတွက် တော်ရုံတန်ရုံ မသောက်ဖြစ်တော့ဘူးပေါ့နော်။ ဒါက ကောင်းတဲ့ဖက်က စဉ်းစားကြည့်တာပါ။ ဒါပေမဲ့ မကောင်းတာက ဈေးကွက်ထဲမှာ အတုတွေ ဝင်လာမှာကို စိုးရိမ်ရတယ်။ ဘာလို့လဲဆိုတော့ အရင်ကလည်း စစ်အုပ်ချုပ်ရေးအောက်မှာ မှောင်ခိုဈေးကွက်က အလျှိုလျှိုပေါ်လာတာ အားလုံးအသိပဲလေ။ အဲ့တော့ မှောင်ခိုဈေးကွက်က ဝင်လာတဲ့ဟာတွေက အရည်အသွေးမကောင်းဘူး၊ ဈေးနှုန်းကလည်း မှောင်ခိုကနေ သွင်းတာဖြစ်လို့ ဈေးကြီးတယ်။ ဆိုတော့ နောက်ဆုံးမှာ နစ်နာသူက စားသုံးသူပဲမဟုတ်လား။”
ဒါ့အပြင် အာဏာသိမ်း စစ်ကောင်စီက ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေဟာ လွှတ်တော်ရဲ့ အခန်းကဏ္ဍ မပါဘဲ မိမိစိတ်ကြိုက် ရေးဆွဲထားတဲ့ ဥပဒေတွေသာ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
“အခု အခြေအနေက လွှတ်တော်မရှိတဲ့အတွက် သူတို့သဘော ဖြစ်နေတာပေါ့နော်။ ဖြစ်သင့်တာကတော့ ဒီလိုမျိုး ပြည်ထောင်စုအခွန်အကောက်ဥပဒေ ထုတ်တော့မယ်ဆိုရင် သက်ဆိုင်ရာ stakeholder တွေနဲ့အတူ နိုင်ငံရေးပါတီဝင်တွေ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စုဖွဲ့ထားတဲ့ အသင်းအဖွဲ့က သူတွေ လက်မှတ်ရ ပြည်သူ့စာရင်းစစ်တွေ တွေ့ဆုံပြီး လွှတ်တော်ထဲမှာ အခွန်နှုန်းကို ဘယ်လောက် ထားသင့်တယ်ဆိုပြီး အပြန်အလှန်ဆွေးနွေးပြီးမှ လုပ်ကြတာလေ။ ဘာလို့လဲဆိုတော့ ကုန်စည်နဲ့ အခွန်ထမ်း ပြည်သူတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်ရလေအောင် အခွန်စည်းကြပ်မှုကို သတ်မှတ်ရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် အခွန်အရပ်ရပ် ကောက်ခံရရှိမှု ပမာဏဟာ ကျပ် ၄၇၄၅ ဒသမ ၇၃ ဘီလီယံ ရရှိခဲ့တဲ့အကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာန (IRD)က ထုတ်ဝေတဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။