ဘီလာရုစ်သမ္မတအလက်ဆန်းဒါ လူကာရှန်ကိုက နိုင်ငံတွင်းမှာနေရာချထားမယ့် ရုရှားပိုင် နည်းဗျူဟာမြောက် နျူးကလီးယားလက်နက်တွေဟာ အနောက်နိုင်ငံတွေရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်နိုင်ဖို့အတွက် ဖြစ်တယ်လို့ မတ် ၃၁ ရက်မှာ ပြောကြားပါတယ်။
အိမ်နီးချင်း ပိုလန်နိုင်ငံကတဆင့် ဘီလာရုစ်နိုင်ငံအပေါ် ကျူးကျော်ကာ နိုင်ငံကို ဖျက်ဆီးပစ်မယ့် အစီအစဉ်အတွက် အနောက်နိုင်ငံတွေဘက်က ပြင်ဆင်နေတယ်ဆိုပြီး လူကာရှန်ကိုက သူ့ရဲ့ နှစ်စဉ်မိန့်ခွန်းအတွင်း လွှတ်တော်အမတ်တွေနဲ့ အစိုးရတာဝန်ရှိသူတွေကို ပြောဆိုခဲ့တာပါ။
ရုရှားသမ္မတပူတင်ကလည်း နိုင်ငံပိုင် နျူးကလီးယားလက်နက်တွေကို ဘီလာရုစ်နိုင်ငံမှာ နေရာချထားမှာဖြစ်တယ်လို့ မတ် ၂၅ ရက်မှာ ပြောဆိုထားပါတယ်။
ဒါကြောင့် ၁၉၉၁ ခုနှစ်က ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်ပိုင်း နျူးကလီးယား လက်နက်ကြီးတွေကို နိုင်ငံ နယ်နိမိတ်ပြင်ပမှာ ပထမဆုံးဖြန့်ကြက်နေရာချမှု ဖြစ်လာမှာပါ။
အမေရိကန်နိုင်ငံနဲ့ မဟာမိတ်တွေက လူကာရှန်ကိုရဲ့ ၂၈ နှစ်ကြာ အာဏာဆုပ်ကိုင်ထားမှုကနေ သူ့ကိုဖြုတ်ချနိုင်ဖို့ ဖိအားပေး လှုံ့ဆော်ခဲ့ပြီးနောက် ဒီဒုံးကျည်တွေကသာ အကာအကွယ်ပေးနိုင် မယ်လို့လည်း ဆိုပါတယ်။
မတ် ၃၁ ရက် မိန့်ခွန်းထဲမှာ ယူကရိန်းနိုင်ငံအတွင်း ချက်ချင်းအပစ်အခတ်ရပ်စဲဖို့အပြင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ပြေငြိမ်းမှုဆိုင်ရာ ဆွေးနွေပွဲတွေကိုပါ စတင်ဖို့ လူကာရှန်ကိုက တောင်းဆိုလိုက်ပါတယ်။
ဒါပေမဲ့ ရုရှားဘက်က ခြိမ်းခြောက်ခံရတယ် လို့ ယူဆလာပါက "ကြောက်စရာအကောင်းဆုံး လက်နက်" ကို အသုံးချဖို့ တွန်းအားဖြစ်လာနိုင်တယ်လို့လည်း ဘီလာရုစ်သမ္မတက သတိပေး ပြောဆိုခဲ့ပါတယ်။
ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုက သူ့တပ်တွေကို ရုရှားတပ်ဖွဲ့တွေနဲ့အတူ ယူကရိန်း နိုင်ငံနားမှာ တပ်ချထားဖို့ အမိန့်ပေးထားတယ်လို့ အောက်တိုဘာ ၁၀ ရက်က ပြောလိုက်ပါတယ်။
ယူကရိန်းနဲ့ သူ့ကို ကျောထောက်နောက်ခံ ပေးထားတဲ့ အနောက်နိုင်ငံတွေရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်ဖို့လို့လည်း သူက ပြောပါတယ်။
၁၉၉၄ ခုနှစ်ကတည်းက ဘီလာရုစ်နိုင်ငံထဲမှာ အာဏာရခဲ့တဲ့ လူကာရှန်ကိုရဲ့ ပြောဆိုချက်ဟာ ယူကရိန်း မြောက်ပိုင်းမှာရှိတဲ့ ရုရှား-ဘီလာရုစ် ပူးပေါင်းတပ်ဖွဲ့တွေကို ရုရှားအစိုးရက အထူးစစ်ဆင်ရေးလို့ ခေါ်တဲ့ ယူကရိန်းကျူးကျော်စစ်မှာ အသုံးပြုဖွယ်ရှိတယ်လို့ ညွှန်ပြနေပါတယ်။
ဘီလာရုစ်ပိုင်နက်အပေါ် တိုက်ခိုက်မှာတွေကို ဒီနေ့ ယူကရိန်းမှာ ဆွေးနွေးနေရုံသာမကဘဲ တိုက်ခိုက်ဖို့စီစဉ်ထားတယ်လို့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးတစ်ခုမှာ လူကာရှန်ကိုက သက်သေ အထောက်အထားမပြဘဲ ပြောခဲ့ပါတယ်။
"သူတို့ရဲ့ ပိုင်ရှင်တွေက ဘီလာရုစ်ကို စစ်ထဲ ဆွဲသွင်းနိုင်ဖို့၊ ဘီလာရုစ်ကို စစ်တိုက်ဖို့ တွန်းအားပေးနေတယ်။"လို့လည်း လူကာရှန်ကိုက ပြောပါတယ်။
စိန့်ပီတာစဘတ် အစည်းအဝေးမှာ တွေ့ချိန်က အခြေအနေတွေနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ စကားပြောခဲ့တယ်လို့လည်း လူကာရှန်ကိုက ဆိုပါတယ်။
ဘီလာရုစ်စစ်တပ်မှာ စစ်သည်အင်အား ၆၀,၀၀၀ လောက် ရှိတာဖြစ်ပြီး အခုနှစ်အစောပိုင်းမှာ တပ်ရင်း ၆ ရင်းထဲက နည်းဗျူဟာအဖွဲ့ ၆ ဖွဲ့ပါတဲ့ လူထောင်ချီကို နယ်စပ်ဒေသတွေမှာ တပ်ဖြန့် ထားခဲ့ပါတယ်။
အောက်တိုဘာ ၉ ရက်က နယ်စပ်မှာ ယူကရိန်းက ရန်ပြုနေတယ်လို့ ဘီလာရုစ် နယ်ခြား စောင့်တပ် အကြီးအကဲက စွပ်စွဲခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ဘီလာရုစ်နိုင်ငံထဲက အခြေစိုက်စခန်းတွေကနေ ယူကရိန်းနိုင်ငံ မြောက်ပိုင်း ဆီကို တပ်တွေနဲ့ ပစ္စည်းကိရိယာတွေ ပေးပို့ရင်း ယူကရိန်းစစ်ဆင်ရေးအတွက် ဘီလာရုစ်ကို ခရီးတထောက်နား စခန်းအဖြစ် အသုံးချနေပါတယ်။