ဘီလာရုစ်မှာ နည်းဗျူဟာမြောက် နျူးကလီးယားလက်နက်တွေ ဖြန့်ကြက်ဖို့ စီစဉ်ထားတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ကြေညာချက်ကို ဆွေးနွေးဖို့ရာ အမေရိကန်နဲ့ အယ်လ်ဘေးနီးယားတို့ရဲ့ တောင်းဆိုချက်အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ မတ် ၃၁ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ယူကရိန်းကို ကျူးကျော် ဝင်ရောက်မှုအပေါ် အနောက်အုပ်စုနဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဘီလာရုစ်မှာ နည်းဗျူဟာမြောက် နျူကလီးယားဒုံးကျည်တွေ တပ်ဆင်ဖို့ ရုရှားရဲ့ဆုံးဖြတ်ချက်ဟာ ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်ပိုင်း သူ့ရဲ့နယ်နိမိတ်ပြင်ပမှာ နျူလက်နက်တွေကို ပထမဆုံးအကြိမ် ဖြန့်ကြက်ချထားခြင်း ဖြစ်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်လက်ထောက် သံအမတ်ကြီး ရောဘတ်ဝုဒ်က ပူတင်ဟာ ဘီလာရုစ်မှာ နျူကလီးယားလက်နက်တွေကို ဖြန့်ကြက်မယ့် ခြိမ်းခြောက်မှုနဲ့အတူ ရုရှားရဲ့ အန္တရာယ်ရှိပြီး မတည်မငြိမ်ဖြစ်စေတဲ့ အပြုအမူကို အရှိန်မြှင့်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
“ဘီလာရုစ်မှာ နျူလက်နက်တွေ ချထားရေး ရည်ရွယ်ချက်တွေကို ပြန်လည်သုံးသပ်ဖို့ ရုရှားကို တောင်းဆိုပြီး ယူကရိန်းကနေ သူ့ရဲ့တပ်တွေကို ရုပ်သိမ်းဖို့ ရုရှားကို ထပ်မံ တောင်းဆို လိုက်ပါတယ်”လို့ ရောဘတ်ဝုဒ် က ပြောပါတယ်။
ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဗာစီလီ နေဘန်ဇီယာ ကတော့ ရုရှားနဲ့ ဘီလာရုစ်တို့ရဲ့ လုံခြုံရေးကို သေချာစေဖို့ ပူတင်က ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း လုံခြုံရေးကောင်စီမှာ ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ ဘီလာရုကိုယ်စားလှယ် ဗယ်လန်တင် ရိုင်ဘာကော့ဗ်က ဘီလာရုစ်ဟာ သူ့ရဲ့ကိုယ်ပိုင် ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ လက်တုံ့ပြန်တဲ့လုပ်ရပ်တွေကို မဖြစ်မနေ လုပ်ဆောင်ရခြင်းမှာ သူ့ရဲ့အိမ်နီးချင်းတွေနဲ့ နိုင်ငံတကာအသိုက်အဝန်း တစ်ခုလုံးအတွက် တသမတ်တည်းရှိပြီး လုံးဝပွင့်လင်းမြင်သာမှုရှိကြောင်း ပြောပါတယ်။
ဒီလက်နက်တွေဟာ ဆယ်စုနှစ် ၃ ခုနီးပါး အာဏာရခဲ့တဲ့ လူကာရှန်ကို ဖြုတ်ချဖို့ရည်ရွယ်တဲ့ အမေရိကန်နဲ့ သူ့မဟာမိတ်တွေရဲ့ ဖိအားပေးလှုံ့ဆော်မှု လို့ဆိုတဲ့ အကာအကွယ်ကို ပေးမှာဖြစ်ကြောင်း ဘီလာရုစ်က ဒီတစ်ပတ်မှာ ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ လက်ထောက် ကုလသမဂ္ဂသံအမတ်ကြီး ဂျန်းရွှောင်းက နျူကလီးယား ခွဲဝေသုံးစွဲရေး အစီအစဉ်ကို ဖျက်သိမ်းဖို့ တောင်းဆိုကြောင်းနဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံအားလုံးဟာ သူတို့ရဲ့ နယ်နိမိတ်ပြင်ပမှာ နျူလက်နက် ဖြန့်ကြက်ခြင်းမှ ရှောင်ကြဉ်ပြီး နယ်နိမိတ်ပြင်ပမှာ တပ်စွဲထားတဲ့သူတွေကို ရုပ်သိမ်းသင့်တယ်လို့ ထောက်ခံထားကြောင်း ပြောပါတယ်။
မတ် ၃၁ ရက်မှာ မိုဇမ်ဘစ်က လုံခြုံရေးကောင်စီမှာ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့တာ နောက်ဆုံးနေ့ဖြစ်ပြီး ဧပြီ ၁ ရက်မှစတင်ပြီး ရုရှားနိုင်ငံက အလှည့်ကျဥက္ကဋ္ဌ ယူရပါတယ်။
ရုရှားနိုင်ငံက လုံခြုံရေးကောင်စီ ဥက္ကဋ္ဌအဖြစ် နောက်ဆုံး တာဝန်ယူခဲ့ချိန်တုန်းက ကရင်မလင်ဟာ ယူကရိန်းကို အလုံးစုံစစ်ပွဲ ဆင်နွှဲခဲ့ပါတယ်။
ရုရှားရဲ့ နည်းဗျူဟာမြောက် နျူးကလီးယားလက်နက်တွေကို ဘီလာရုစ်နိုင်ငံမှာ အထိုင်ချ ထားရှိမယ့် အစီအစဉ်ကြောင့် ဘီလာရုစ်နိုင်ငံဟာ ဥရောပရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို သေချာပေါက် ထပ်ပြီးရင်ဆိုင်ရမှာဖြစ်ကြောင်း ပိုလန်ဝန်ကြီးချုပ် မော်ရာဗီယက်စကီးက မတ်လ ၂၈ ရက်မှာ ပြောပါတယ်။
သူဟာ ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ၁၁ ခုမြောက် အစီအစဥ်အကြောင်း တခြားဥရောပသမဂ္ဂခေါင်းဆောင်တွေနဲ့ နေ့စဉ် ဆွေးနွေးနေခဲ့ပြီး မော်စကိုရဲ့ ရင်းနှီးတဲ့မဟာမိတ် ဘီလာရုစ်ကို ပစ်မှတ်ထားတဲ့ အစီအမံတွေ ပါဝင်ကြောင်းလည်း မော်ရာဗီယက်စကီးက ပြောပါတယ်။
ရုရှားဟာ သူ့နျူးကလီးယားလက်နက်တွေကို ဘီလာရုစ်မှာ စခန်းချ ထားရှိမှာဖြစ်ကြောင်း သမ္မတ ဗလာဒီမာပူတင်က မတ်လ ၂၅ ရက်မှာ ပြောကြားခဲ့ပြီး မနှစ်က ယူကရိန်းကို ရုရှားကျူးကျော်မှုနဲ့ ပတ်သက်လို့ အနောက်အုပ်စုနဲ့ ပိုဆိုးလာတဲ့ သဘောထားတင်းမာမှုမှာ သူ့ရဲ့ နောက်ဆုံးတွန်းအားပေးမှုလည်း ဖြစ်ပါတယ်။
မော်စကိုဟာ သူ့ရဲ့ နျူးကလီးယားလက်နက်ကို အသုံးပြုဖို့ စီစဉ်ထားတဲ့ အရိပ်အယောင်တွေ မရှိကြောင်း ဘိုင်ဒင်အစိုးရအဖွဲ့ အကြီးတန်းအရာရှိတဦးက ပြောကြားချက်နဲ့အတူ ကမ္ဘာ့ထိပ်တန်း နျူးကလီးယား စူပါ ပါဝါနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုဟာ ပူတင်ရဲ့ ထုတ်ပြန်ချက်ကို သတိကြီးကြီးထားပြီး တုံ့ပြန်ခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲ မတိုင်ခင်ကတည်းက ဝါဆောနဲ့ မင့်စ်ခ်အကြား တင်းမာနေခဲ့တဲ့ ဆက်ဆံရေးဟာ ဒီပဋိပက္ခမှာ ဆန့်ကျင်ဘက်လုံးလုံး ဖြစ်သွားခဲ့ပါတယ်။
ယိုယွင်းလာတဲ့ ဆက်ဆံရေးတွေကြားမှာပဲ ပိုလန်ဟာ ဘီလာရုစ်နဲ့ အဓိက နယ်စပ်ဖြတ်ကျော်မှုကို ဖေဖော်ဝါရီလမှာ ပိတ်ပစ်ခဲ့ပြီး ဒီလုပ်ရပ်ကို မင့်စ်ခ်က ရှုတ်ချခဲ့ပါတယ်။
အင်္ဂါနေ့ကတော့ မော်ရာဗီယက်စကီးက ပိုလန်ဟာ နယ်စပ်ဖြတ်ကျော်သွားလာမှုဆိုင်ရာ နောက်ထပ်ကန့်သတ်ချက်တွေကို စဉ်းစားနေကြောင်း ပြောကြားခဲ့ပါတယ်။