ဘီလာရုနိုင်ငံမှာ ဆွေးနွေးဖို့ ရုရှားဘက်က ကမ်းလှမ်းချက်ကို ယူကရိန်း သမ္မတ ဇီလန်စကီးက ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့မှာ တရားဝင် ပယ်ချလိုက်ပါတယ်။
ဘီလာရုနိုင်ငံ ကိုယ်တိုင်က ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့စစ်မှာ ပါဝင် ပက်သက်နေတာကြောင့် ဘီလာရုနိုင်ငံမှာ ရုရှားနဲ့ ဆွေးနွေးဖို့ဆိုတာ မဖြစ်နိုင်ကြောင်း၊ ဒါပေမယ့် တခြား နိုင်ငံ တနိုင်ငံမှာ စေ့စပ်ဆွေးနွေးဖို့ဆိုရင် တံခါးဖွင့်ထားတယ်လို့ ပြောပါတယ်။
ရုရှားကတော့ ယူကရိန်း အရာရှိတွေနဲ့ ဆွေးနွေးဖို့အတွက် ဘီလာရုနိုင်ငံက ဂမ်မယ်မြို့ဆီကို အရာရှိတွေ စေလွှတ်ဖို့ အဆင့်သင့်ပဲလို့ ဒီနေ့ ထပ်ပြောပါတယ်။
ရုရှားက ယူကရိန်းကို ဝင်ရောက်ကျူးကျော်တဲ့ တိုက်ခိုက်တဲ့ကိစ္စကို ကမ္ဘာ့နိုင်ငံပေါင်းများစွာမှာ ပြည်သူတွေက ဆန့်ကျင်ဆန္ဒပြနေကြသလို၊ ရုရှား နိုင်ငံအတွင်းမှာလည်း ရုရှား ပြည်သူတွေက ဆန့်ကျင်နေကြပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့ တရက်တည်းမှာ ရုရှားနိုင်ငံတဝန်း မြို့ပေါင်း ၃၄ မြို့ မှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြသူ ၄၆၇ ယောက်ကို အဖမ်းခံထားရတယ်လို့ စောင့်ကြည့်ရေးအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ OVD-Info အဖွဲ့က ဆိုပါတယ်။
မော်စကိုမြို့မှာ ထိန်းသိမ်းခံထားရသူ အယောက် ၇၀ ရှိပါတယ်။
ရုရှားက ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ စတင်ကျူးကျော်တိုက်ခိုက်တဲ့အချိန်ကနေ ဖေဖော်ဝါရီ ၂၆ ရက်အထိ စစ်ဆန့်ကျင်ရေး ဆန္ဒပြသူ လူပေါင်း ၃၀၅၂ ယောက်ကို ရုရှားအစိုးရက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။