မိုက်ခရိုဆော့ဖ်ကုမ္ပဏီ သူဌေးကြီး ဘီလ်ဂိတ်စ်က သူကိုယ်တိုင် ထူထောင်ထားတဲ့ ပရဟိတ ဖောင်ဒေးရှင်းအတွက် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ လှူဒါန်းလိုက်ကြောင်း သူ့ကိုယ်ပိုင် ဘလော့ဂ်မှာ ဇူလုိင် ၁၃ ရက်က အသိပေးထားပါတယ်။
ဘီလ်ဂိတ်စ်နဲ့ သူ့ရဲ့ဇနီးဟောင်း မယ်လင်ဒါ ဖရန့်စ်တို့ နာမည်နဲ့ ထူထောင်ထားတဲ့ ဖောင်ဒေးရှင်းဟာ ကမ္ဘာပေါ်မှာ အလှူအတန်း အရက်ရောဆုံး ပုဂ္ဂလိက ဖောင်ဒေးရှင်းတခု ဖြစ်ပြီး ၂၀၂၆ ခုနှစ်ကျရင် နှစ်စဉ်အလှူကို ၅၀ ရာခိုင်နှုန်း တိုးပြီး ၉ ဘီလီယံအထိ လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
ဒီနေ့ခေတ်မှာက လုပ်စရာတွေ ပိုများတယ်လို့ ဘီလ်ဂိတ်စ်က ကိုဗစ်ကပ်လေး၊ ယူကရိန်းစစ်ပွဲ၊ ရာသီဥတုပြောင်းလဲမှုနဲ့ ဒီနေ့ခေတ် ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ရည်ညွှန်းပြီး ပြောသွားပါတယ်။
ဒါ့အပြင် ငွေကြေးဖောင်းပွမှုနဲ့ တခြား အကျပ်အတည်းတွေကြောင့် ဖောင်ဒေးရှင်းရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ ကျားမ တန်းတူရေး၊ ဆင်းရဲမှုတိုက်ဖျက်ရေး ကိစ္စတွေအတွက် ရင်းနှီးမြှုပ်နှံဖို့ ပိုလိုနေတယ်လို့ ပြောပါတယ်။
ဘီလ်ဂိတ်စ်ရဲ့ဖောင်ဒေးရှင်းဟာ သက်တမ်း ၂၂ နှစ်ရှိနေပြီး အခုနောက်ဆုံး ဒေါ်လာ ၂၀ ဘီလီယံ၊ အရင်လက အမေရိကန် စီးပွားရေးသမားကြီး ဝါရန်ဘက်ဖ်ဖတ်ဒ်ဆီက မတည်ငွေ ၃ ဒသမ ၁ ဘီလီယံ အပါအဝင် စုစုပေါင်း ထောက်ပံ့လှူဒါန်းငွေ ဘီလီယံ ၇၀ ဝန်းကျင် ရှိနေပြီး ဖြစ်ပါတယ်။