မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ ဘီးလင်းမြို့မရဲစခန်း မတ် ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်လောက်က ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီထွေအုပ်ရုံးနဲ့ မြို့မရဲစခန်းကို အမည်မသိအဖွဲ့က ဒရုန်းနဲ့ ဗုံးချိတ်ပြီး လာရောက် တိုက်ခိုက်သွားတာလို့ ဆိုပါတယ်။
ဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် ဘီးလင်းမြို့နယ် ထွေအုပ်ရုံး ဝန်ထမ်း ၁ ဦးနဲ့ ကော်မရှင် ဝန်ထမ်း ၄ ဦး စုစုပေါင်း ဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တာပါ။
ထိခိုက်ဒဏ်ရာရှိခဲ့တာကြောင့် ဝန်ထမ်းတွေကိုတော့ ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံ ပို့ဆောင်ပေးထားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဘီးလင်းမြို့မရဲစခန်း ဗုံးခွဲတိုက်ခိုက်မှုမှာတော့ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် ရဲစခန်း အဆောက်အဦ ခေါင်မိုးထိခိုက်ပျက်စီးခဲ့ပါတယ်။
ဘီးလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်စွန်း EPC ရုံး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး အဲဒီတိုက်ခိုက်မှုကို သူတို့ လုပ်ဆောင်တာလို့ အာဌာဝကနဲ့သွေးသောက်များ (ဘီးလင်း) အဖွဲ့က ထုတ်ပြန်ထားပါတယ်။