ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) သထုံခရိုင် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့် (BGF) တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့ မနက် ၅ နာရီအချိန်လောက်မှာ တပ်အင်အား ၂၀ ကျော် တပ်စွဲနေထိုင်နေတဲ့ လယ်ဆော့လော့ BGF တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် ၁ နာရီကျော်ကြာ ဖြစ်ပွားပြီးနောက် KNLA ပူးပေါင်းတပ်ဖွဲ့က BGF စခန်းကို သိမ်းပိုက်ရရှိခဲ့ပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ BGF တပ်ဖွဲ့ ၆ ဦး သေဆုံးပြီး သေနတ် ၅ လက်အပါအဝင် လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတချို့ကိုလည်း KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း BGF တပ်ဖွဲ့ဝင်တချို့ ထွက်ပြေးတာတွေ ရှိသလို သေဆုံးသွားတဲ့ အလောင်းတွေကိုလည်း လာရောက်ကောက်ယူတာ မရှိဘူးလို့ ဆိုပါတယ်။
BGF စခန်းသိမ်းတိုက်ပွဲမှာ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ PDF ရဲဘော်တဦး ဦးခေါင်းရှပ်ထိဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရတယ်။
KNU သထုံခရိုင်ထဲက BGF တပ်စခန်းတွေဟာ ကျေးရွာနေ ပြည်သူတွေ မကြာခဏ ဖမ်းဆီးပြီး ငွေညှစ်တာနဲ့ သူတို့ စခန်းကို KNLA ပူးပေါင်းတပ်တွေ လာပစ်ရင် ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မယ်လို့ အမြဲလို ခြိမ်းခြောက်နေတာပါ။
ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဘီးလင်းမြို့နယ်ရှိ ကြသောင်းဆိပ် BGF တပ်စခန်းကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးထားပါတယ်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်က မတ် ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ဝင်းတာပန်ကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကနေ ပြီးခဲ့တဲ့ မတ် ၁၁ ရက်နေ့ နေ့လယ် ၂ နာရီခွဲအချိန်လောက်က ဝင်းတာပန်ရွာထဲနဲ့ ရွာအပြင်ဘက်ကို လက်နက်ကြီး ၃ လုံး အကြောင်းမဲ့ ပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဝင်းတာပန်ကျေးရွာနေ ဒေသခံ ယားမကြိုင်၊ တီးသားလေး၊ တီးလှထွေး၊ လုံးဒိုးတို့ရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး နွားတစ်ကောင် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံ ရာနဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရာပေမဲ့ အခုအခါမှာတော့ ကျေးရွာအတွင်း ပြန်လည် နေထိုင်နေကြပြီလို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကွဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့ကလည်း KNU တပ်မဟာ(၁) နယ်မြေ သထုံမြို့နယ် ကျုံမိန်ကျေးရွာထဲကို တိုက်ပွဲ မရှိဘဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) နယ်မြေ သထုံခရိုင်ထဲမှာတော့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတို့ကြား တိုက်ပွဲ ဖြစ်ပွားတာ မရှိပေမဲ့ စစ်ကောင်စီတပ်က နေ့စဉ်လိုလို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ ဒေသခံတွေထံက သိရပါတယ်။