ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာက စစ်ဘေးရှောင်ပြည်သူတွေဟာ နေထိုင်စားသောက်ရေး အပြင် ဆေးဝါးလိုအပ်ချက် အခက်အခဲတွေ ရှိနေတယ်လို့ ဧပြီ ၂၇ ရက် ညနေ ၄ နာရီက ကေအန်ယူ ဘီးလင်းမြို့နယ် တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း-၂ နယ်မြေအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ဝင်းတာပန်နဲ့ လေးကေတပ်စခန်းတွေက ၂၀၂၂ ခုနှစ် ဧပြီလကစတင်ပြီး နေ့တိုင်းလိုလို လေးကေကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အိမ်ခြေ ၅၀၀ ကျော်၊ လူဦးရေ ၃,၀၀၀ နီးပါးဟာ ဥယျာဉ်ခြံတွေနဲ့ တောတောင်တွေထဲမှာ ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။
စစ်ဘေးရှောင်ပြည်သူတွေကို ကေအန်ယူ၊ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေက ထောက်ပံ့လှူဒါန်းတာတွေရှိပေမဲ့ ရက်ရှည်ကြာလာတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
ကေအန်ယူ ဘီးလင်းမြို့နယ်တာဝန်ခံက “တပ်စခန်းကနေ ရွာထဲကို လက်နက်ကြီးနဲ့ နေ့တိုင်းလိုလို ပစ်ခတ်တယ်။ ရွာသားတွေက ရွာထဲမှာနေတာထက် ခြံတွေနဲ့ နီးစပ်ရာ တောတောင်တွေမှာ လိုက်နေရတာက ပိုလုံခြုံတယ်ဆိုပြီး ပြန်မလာတော့ဘူး။ ကြာလာတော့ စစ်ရှောင်တွေက စားဝတ်နေရေးနဲ့ ဆေးဝါးအခက်အခဲတွေ ရှိလာတယ်။ အခု ရာသီဥတုပူလာတော့ ရေအခက်အခဲပါ ရှိလာတယ်” လို့ ပြောပါတယ်။
အလားတူ ဘီးလင်းမြို့နယ် အလူးလေးကျေးရွာအတွင်းကို ရန်ကုန်-သထုံ ကားလမ်းမပေါ်က စစ်ကောင်စီရဲ့ သံတံတားတပ်စခန်းကနေ လက်နက်ကြီးနဲ့ နေ့တိုင်းလိုလို ပစ်ခတ်နေတဲ့အပြင် စစ်ကောင်စီရဲ့ ခမရ ၃၊ ခလရ ၈ တပ်တွေက စစ်ကြောင်းထိုး လှုပ်ရှားနေတဲ့အတွက် အိမ်ခြေ ၇၀၀ ကျော် လူဦးရေ ၄,၀၀၀ နီးပါးဟာ ဇုတ်သုတ်၊ လိပ်ခုံ၊ ကော့ကထိုး၊ ကျီးပင်၊ ကြံဖန်၊ ညောင်သာရွာ စတဲ့ နီးစပ်ရာ ဆွေမျိုးတွေရှိရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ဘေးရှောင်အရေး ကူညီပေးနေသူတဦးက “ဒေသခံတွေက စစ်ရေးအတွေ့အကြုံမရှိဘူး။ ပစ်ရင်ပြေးလိုက်၊ ငြိမ်ရင်ပြန်လာလိုက်။ ခဏခဏဖြစ်နေတော့ သူတို့ပြေးနေတဲ့ ရွာကလူတွေကိုလည်း အားနာတာတွေလည်း ပါတယ်။ စစ်ကြောင်းတွေက ရွာနားမှာ လှုပ်ရှားနေတဲ့အပြင် သူတို့မထင်ရင် မထင်သလို ရွာက လူနေအိမ်တွေပါ မီးရှို့သွားတာ ရှိတယ်။ ဒေသခံတွေအတွက် သီးသန့် စစ်ဘေးရှောင်စခန်း လုပ်ပေးနိုင်ရင် ဒေသခံတွေအတွက် ပိုလုံခြုံမယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်မှာ စစ်ကောင်စီတပ်သားတွေက အလူးလေးကျေးရွာသားတဦးကို သတ်ဖြတ်ပြီး ဆိုင်ကယ်ကိုပါ ယူဆောင်သွားခဲ့သလို ထပ်မံပြီး ဧပြီ ၂၃ ရက်က အလူးလေး အလယ်ကျေးရွာက နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာသားပိုင် မော်တော်ယာဉ်တွေနဲ့ ပစ္စည်းတွေကို ယူဆောင်သွားခဲ့ပါတယ်။
လတ်တလောမှာလည်း နှစ်ဖက်စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံပြည်သူတွေဟာ ကျေးရွာအတွင်း ပြန်လည်မနေထိုင်ရဲသေးဘူးလို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အလူးလေးအလယ်ရွာမှာ ဧပြီ ၁၂ ရက် မနက်၈ နာရီခွဲဝန်းကျင်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်က အနည်းဆုံး ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေရ ရှိထားသလို ဒေသကာကွယ်ရေးတပ်ဘက်က အထိခိုက်ကျဆုံးတာတွေမသိရသေးဘူးလို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ပူးပေါင်းအဖွဲ့ဝင်တယောက်က ပြောပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကအထိနာခဲ့တာကြောင့် အလူးလေးအလယ်ရွာရှိ ဦးသေးသေးနေအိမ်၊ ဦးစိုးနေအိမ်နဲ့ ဦးသာလိနေအိမ် ၃ လုံးကို စစ်တပ်မှ မီးရှို့လိုက်သလို လက်နက်ကြီးတွေနဲ့လည်းပစ်ခတ်ခဲ့လို့ ရွာသားတယောက် ကျည်ထိမှန် ဒဏ်ရာရသွားတယ်လို့ ဒေသခံက ဆိုပါတယ်။
“ရွာကအိမ်ခြေများတယ်။ အများစု ကရင်တိုင်းရင်းသားတွေနေထိုင်ကြသလို အခုတိုက်ပွဲတွေကြောင့် လူပေါင်းရာနဲ့ချီထွက်ပြေးတိမ်းရှောင်နေရတယ်။ တိုက်ပွဲတွေထပ်မံဖြစ်လာမှာကိုစိုးရိမ်ရတာကြောင့် နေအိမ်ကို မပြန်နိုင်ကြသေးပါဘူး။”
လက်ရှိတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ရော ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဘက်ကပါ သတင်းမထုတ်ပြန် သေးပါဘူး။
ပြီးခဲ့တဲ့ရက်ကလည်း ဘီးလင်းမြို့နယ် စစ်ကောင်စီအခြေစိုက်တပ် ခမရ ၃ အရှေ့ဂိတ်နဲ့ အနောက်ဂိတ်ကို ဧပြီ ၁၀ ရက် ညနေ ၃ နာရီ မိနစ် ၂၀ လောက်က ကျိုက်ထို ပကဖ ၊ ဘီးလင်း ပကဖနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထို ပကဖက တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးကျည်တွေဟာလည်း ပိုင်ထားဝယ်ကျေးရွာက နေအိမ်တအိမ်ပေါ် ထိမှန်ခဲ့ပြီး မီးလောင်ကျွမ်းခဲ့ပါတယ်။