စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်က မြို့မဈေးတိုက်ခန်းတွေကို မတ် ၃ ရက် ဒီမနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့လို့ ဈေးဆိုင်ခန်းတချို့ မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့ခံရတဲ့ မြို့မဈေးဟာ ဘုတလင်မြို့အလယ် ဗန္ဓုလမြင်းစီးရုပ်တုအနီးမှာရှိပြီး စစ်ကောင်စီတပ်ဖွဲ့တွေက ဈေးသူဈေးသားတွေကို မိုင်းရှင်းလင်းစရာရှိလို့ဆိုပြီး ဈေးထဲကနေ အကုန်ထွက်ခိုင်းပြီးနောက် မီးလောင်ခဲ့တာလို့ မြို့ခံတွေထံကသိရပါတယ်။
ဘုတလင်ဒေသခံတဦးက “စခတွေက မနက်ခင်း ၁၀ နာရီကျော်လောက်က ဈေးထဲရောက်လာပြီးတော့ ဈေးသူဈေးသားတွေကို မိုင်းရှင်းလင်းစရာရှိလို့ဆိုပြီး ဈေးထဲကနေ အကုန်ထွက်ခိုင်းတယ်။ ခဏနေကြတော့ ဈေးကိုမီးရှို့တော့တာပဲဗျ။ ဈေးတန်းထဲက ဆိုင်ခန်း ၁၀ ခန်းရယ်၊ ဈေးအပြင်က ဆိုင်ခန်း ၁၈ ခန်း မီးလောင်သွားတယ်ဗျ။ စုစုပေါင်း ၂၈ ခန်း မီးလောင်ခဲ့တယ်ဗျ။ အခုလည်း မြို့ထဲကလူတွေကို မြို့အပြင်ထွက်ခိုင်းနေတယ်။ PDF က မြို့သိမ်းတိုက်ပွဲ လုပ်တော့မယ်။ အဲဒါကြောင့် မြို့ထဲကနေ လူတွေအကုန် ထွက်ပေးကြဖို့ဆိုပြီး စစ်သားတွေက ခိုင်းနေတယ်” လို့ ပြောပါတယ်။
အခုလို ဈေးကိုမီးရှို့ခဲ့ပြီး တမြို့လုံးကိုပါ စစ်ကောင်စီက မီးရှို့မှာကို စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘုတလင်ဒေသခံတွေက “ကျနော်တို့မြို့ကို သိမ်းမယ်ဆိုတာ ဒီကောင်တွေ သတင်းအမှားကိုသုံးပြီး မြို့တခုလုံးကိုပါ မီးရှို့ဖို့ ကြံနေကြတာ။ အခုလို မီးရှို့ဖို့ကြံနေတာဟာ မနေ့က ကျနော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကင်းပတ်တဲ့ကားကို ပစ်ခတ်ပြီး လက်နက်ပါ ယူသွားတာကို မကျေနပ်ပြီး အခုလိုမီးရှို့တာ ဖြစ်နိုင်တယ်။ ကျနော်တို့ PDF တွေဘက်က ဘယ်မြို့မှ သိမ်းဖို့ရာ အစီအစဉ်မရှိသလို ဘယ်မြို့ကိုမှ တိုက်ခိုက်ဖို့ရာ မရှိသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီကတော့ မြို့ထဲအထိ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သူတို့တပ်ဖွဲ့တွေကို ဝင်ရောက်ပစ်ခတ်ခံရတာကြောင့် ဒေသခံတွေက သူတို့ကို ကနဦးသတင်းမပေးလို့ဆိုပြီး အခုလို မြို့ကိုပါ မီးရှို့ဖို့ စီစဉ်နေတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ဘုတလင်မြို့ပေါ်မှာ ဗန္ဓုလရုပ်ထုနားမှာ စစ်ကောင်စီက အောက်တိုဘာ ၇ ရက် ညနေ ၆ နာရီခွဲမှာ သေနတ်နဲ့ ပစ်ခတ်တာကြောင့် ပြည်သူနှစ်ယောက် ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
*အပစ်ခံရတာက မုံရွာကနေ ကြက်ဥယူပြီး ပြန်လာတဲ့ ဈေးသည်ကားကို ပစ်တာ။ ဘာကြောင့် ပစ်တာလဲဆိုတော့ မသိဘူး။ မြို့ထဲဝင်လာတာကို ပစ်တာပဲ။ အပစ်ခံရတာက ကိုကျော်မင်းလွင် ၄၅ နှစ် ဦးခေါင်းရှပ်ထိ နဲ့ မမူမူဇင် အသက် ၂၅ နှစ် ဗိုက်ပွင့်ဒဏ်ရာ အသီးသီးရသွားတယ်။ သေဆုံးခြင်း ရှိ၊ မရှိတော့ မသိရသေးဘူး။ ဘုတလင်ဆေးရုံထဲ သယ်သွားတာတော့ မြင်လိုက်ရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
အခုစစ်ကောင်စီ ပစ်ခတ်တဲ့ ဈေးသည်ကားဟာ ဘုတလင်မြို့ပေါ်ကဖြစ်ပြီး မုံရွာမြို့ကနေ ကြက်ဥ ဝယ်ပြီး စိုင်ပြင်ကြီးဈေးမှာ ပြန်လည်ရောင်းချတဲ့ ဈေးသည်တွေ စီးလေ့ရှိတဲ့ ကားဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။