close

ဘုတ်ပြင်းမြို့နယ်

close

March 30, 2023

ဘုတ်ပြင်းမြို့နယ်တွင် လသားကလေးငယ် အပါအဝင် အရပ်သား ၁၀ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ အရပ်သား ၁၀ ဦးအပြင် လသားကလေးငယ်တဦးကိုပါ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဘုတ်ပြင်းမြို့နယ်ထဲက စစ်ဆေးရေးဂိတ်တခုမှာ စစ်ကောင်စီတပ်သားတွေက ကော့သောင်းဘက်ကနေ ဘုတ်ပြင်းဘက်ကိုလာတဲ့ အမျိုးသား၂ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ ၄၅ ရက်သားအရွယ် ကလေးတဦးတို့ကို မတ်လ ၂၅ ရက်နေ့က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“၂၅ ရက်နေ့မှာ ဆိုင်ကယ်နှစ်စီး ဖမ်းခံထိတယ်လို့ ကျနော်တို့ကြားတယ်။ ပြီးတော့ ၂၆ ရက်နေ့မှာ ဒေသခံတွေ ထပ်ဖမ်းတယ်။ ဘယ်လိုအကြောင်းအရာတွေကြောင့် ဖမ်းသွားလဲဆိုတာ ကျနော်တို့မသိဘူး။ အခုဖမ်းသွားတဲ့လူတွေက PDF နဲ့ ဘာမှ ဆက်စပ်မှုမရှိဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက မတ်လ ၂၅ ရက် ညပိုင်းမှာ ဘုတ်ပြင်းမြို့ထဲက အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မတ်လ ၂၆ ရက်နေ့မှာလည်း ဘုတ်ပြင်းမြို့ထဲက အမျိုးသား ၄ ဦးကိုပါ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံအမျိုးသားတဦးကလည်း “စကစကနေပြီး ဖမ်းဆီးခံရတဲ့သူတွေက PDF တွေနဲ့ ဆက်စပ်မှုမရှိဘူး။ ဖမ်းဆီးခံရသူတွေထဲမှာ လုပ်ငန်းရှင်လည်းပါတယ်။ ဒါကတော့ ကျနော်တို့အတွက် စဉ်းစားစရာတခုဖြစ်နေတယ်” လို့ ပြောပါတယ်။

စရဖ‌တွေက အမျိုးသမီးတဦးကို အကြမ်းဖက် ရိုက်နှက်ပြီး စစ်ဆေးခဲ့ပြီး ဖမ်းဆီးခံရသူတွေကို ဘုတ်ပြင်းရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့  စကစနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

9 mins Ago

February 7, 2023

ဘုတ်ပြင်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦး ဖမ်းဆီးခံရပြီး ၂ ဦးပြန်လွတ်

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ထင်းမယ်ကျေးရွာမှာ အမည်မသိလက်နက်ကိုင်အဖွဲ့က စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသားသုံးဦးကို ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး နှစ်ဦးပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖမ်းဆီးခံရတဲ့အမျိုးသားသုံးဦးကတော့ ချောင်းတဖက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်တဲ့ ဦးမောင်မောင်၊ ကြံ့ခိုင်ရေးပါတီဝင် ဦးသောင်းညွန့်နဲ့ အမည်မသိအ မျိုးသားတစ်ဦးတို့ဖြစ်ကြပါတယ်။

“ဖမ်းဆီးခံရတာကတော့ သုံးဦးပါ။ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ကို ဖမ်းထားခဲ့ပြီး ကျန်နှစ်ဦး ပြန်လွှတ်လိုက်ပါပြီ။ ဘာကြောင့် အဲလိုလုပ်တာလဲဆိုတာ မသိရသေးပါဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလိုမျိုး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ အခုလက်ရှိ ဖမ်းထားတဲ့လူတွေနဲ့  ပတ်သက်မှုမရှိပါဘူးလို့ ပြောပါတယ်။

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲနဲ့ တောင်ငယ်ရွာမှ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေက ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသားတစ်ဦးနဲ့အတူ စစ်ကူလိုက်ကာတောနင်းရှာနေလို့  ဒေသခံဥယျာဉ်ခြံလုပ်သားတချို့ စိုးရိမ်ပြီး ထွက်ပြေးနေရပါတယ်။

2 months Ago
Up