တက်စ်လာကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ခ်ကို တွစ်တာလူမှုကွန်ရက်ရဲ့ ဘုတ်အဖွဲ့ဝင်အဖြစ် သတ်မှတ်ဖို့ စီစဉ်နေကြောင်း တွစ်တာက ကြေညာအပြီး သိသိသာသာ တိုးတက်အောင်လုပ်သွားမယ်လို့ မတ်စ်ခ်က ဧပြီ ၅ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ လူတယောက်ချင်း ရှယ်ယာရှင်အနေနဲ့ မတ်စ်ခ်ဟာ တွစ်တာရဲ့ စတော့ရှယ်ယာ ၁၄ ဒသမ ၉ ရာခိုင်နှုန်းထက်ပိုပြီး ဝယ်ယူပိုင်ဆိုင်လို့တော့ မရအောင် ပိတ်ဆို့မယ့် အလားအလာ ရှိနေပါတယ်။
အီလွန်မတ်စ်ခ်က တွစ်တာရဲ့ ရှယ်ယာ ၉ ဒသမ ၂ ရာခိုင်နှုန်းကို ဧပြီ ၄ ရက်က ဝယ်လိုက်တာကြောင့် သူ့ရည်မှန်းချက်နဲ့ ပတ်သက်ပြီး ထင်မြင်ယူဆချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့ပါတယ်။
“အီလွန်မတ်စ်ခ်ကို ဘုတ်အဖွဲ့မှာ ခန့်အပ်ခဲ့ကြောင်း မျှဝေနိုင်လို့ စိတ်လှုပ်ရှားရတယ်။ သူဟာ တွစ်တာဝန်ဆောင်မှုကို တင်းတင်းကျပ်ကျပ် ဝေဖန်သူနဲ့ စိတ်အားထက်သန်တဲ့ ယုံကြည်သူဖြစ်လို့ တွစ်တာကို ရေရှည်မှာ ပိုအားကောင်အောင် လုပ်နိုင်မယ့် ဘုတ်အဖွဲ့ထဲမှာ လိုအပ်တဲ့လူ အစစ်ပဲ” လို့ တွစ်တာရဲ့ အမှုဆောင် အရာရှိချုပ် ပါရက်ဂ် အာဂရာဝယ်က ပြောပါတယ်။
မတ်စ်ခ်ကလည်း လာမယ့်လတွေအတွင်း တွစ်တာပေါ်မှာ သိသာတဲ့ တိုးတက်မှုရဖို့ ပါရက်ဂ် အပါအဝင် တွစ်တာဘုတ်အဖွဲ့နဲ့အတူ အလုပ်တွဲလုပ်ဖို့ မျှော်လင့်နေတယ်လို့ ပြန်လည်တုံ့ပြန် ပြောကြားခဲ့ပါတယ်။
ဒီလိုကြေညာအပြီး တွစ်တာရဲ့ ရှယ်ယာစျေးနှုန်းဟာ အစောပိုင်း ကုန်သွယ်ရေးမှာ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး မတ် ၄ ရက်နေ့ အပိတ်စျေးမှာ ၂၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
တွစ်တာကို သုံးစွဲသူ အီလွန်မတ်စ်ခ်ဟာ တွစ်တာလူမှုကွန်ရက်ပေါ်မှာ သူ့ပရိသတ် သန်း ၈၀ ကျော် ရှိထားပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး အမျိုးသားတွေထဲက တယောက်ဖြစ်တဲ့ အီလွန်မတ်စ်ခ်ဟာ SpaceX ကို တည်ထောင်သူလည်းဖြစ်သလို Neuralink နဲ့ ဘိုးရင်းကုမ္ပဏီတို့ကိုလည်း ဦးဆောင်သူ ဖြစ်ပါတယ်။