close

ဘုန်းကြီးကျောင်း

close

April 20, 2023

ရပ်စောက်မြို့တွင် ဘုန်းကြီးကျောင်းမီးလောင်ပြီး ဆရာတော် ၁ ပါး ပျံလွန်တော်မူ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ဘုရားဖြူကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း တကျောင်း မီးလောင်ပျက်စီးပြီး ဆရာတော်တပါး ပျံလွန်တော်မူသွားပါတယ်။

ဧပြီ ၁၉ ရက် ည ၉ နာရီဝန်းကျင်လောက်က ဘုရားဖြူကျေးရွာ ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွားပြီး သက်တော် ၇၀ ဝန်းကျင်ရှိ ဆရာတော်တပါး ပျံလွန်တော်မူကာ ကိုရင်တပါးမှာ မီးလောင်နေစဉ် ကျောင်းပေါ်မှ ခုန်ချခဲ့တာကြောင့် ခြေထောက်ကျိုးဒဏ်ရာ ရရှိသွားတယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မဇ္စျိမအသင်းထံက သိရပါတယ်။

မဇ္စျိမအသင်း တာဝန်ရှိသူက “ကျနော်တို့ကို ဆက်သွယ်လာတော့ ည ၉ နာရီကျော်ပြီ။ ဟိုရောက်သွားတော့ ကျောင်းတိုင်တွေပဲ ကျန်တော့တယ်။ မီးလောင်သွားတာက ပင်မကျောင်းဆောင်ကြီးပါ။ ကျောင်းမှာရှိတဲ့ ဆရာတော်တပါး ပျံလွန်တော်မူသွားပြီး ကျောင်းပေါ်ကခုန်ချလို့ ကိုရင်တပါး ခြေထောက်ကျိုးသွားတယ်။ ကိုရင်ကိုတော့ ဆေးရုံပို့ထားပေးတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဘုရားဖြူကျေးရွာ ဘုန်းကြီးကျောင်း မီးလောင်တာဟာ အခုနှစ်အတွင်း ရပ်စောက်မြို့အတွက် ပထမဆုံးအကြိမ် အဆိုးရွားဆုံးဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်တဲ့ အကြောင်းရင်း အသေးစိတ် အချက်အလက်ကို မသိရသေးပါဘူး။

53 seconds Ago

March 12, 2023

ပအိုဝ်းစစ်ရှောင်များခိုလှုံနေသည့် ဘုန်းကြီးကျောင်းကို စစ်တပ်က မီးရှို့

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ထဲက ပအိုဝ်းစစ်ရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို မနေ့က အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး လူမျိုးရေး၊ ဘာသာရေး ခုတုံးလုပ်ဖို့ ကြိုးစားနေတယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကစပြီး ကရင်နီပြည်ထဲကို ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နဲ့ ဘောလခဲမြို့နယ်တို့ကနေ စစ်ကြောင်း ၁၂ ခုနဲ့ အပြင်းအထန် ထိုးစစ်ဆင်လာနေတာလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။

ဒါကြောင့် ပင်လောင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ၃ ပတ်လောက်အတွင်း တိုက်ပွဲတွေဖြစ်ခဲ့ပြီး မတ် ၁၁ ရက် နေ့လယ်ပိုင်းမှာတော့ ပအိုဝ်းစစ်ရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ နမ်းနိမ်းကျေးရွာ ဘုန်ကြီးကျောင်းနဲ့ ပြည်သူတွေရဲ့နေအိမ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလုပ်ရပ်ဟာ သာသနာကို ဖျက်ဆီးတာဖြစ်သလို လူမျိုးရေးခုတုံးလုပ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပအိုဝ်းလူမျိုးတွေအကြား အထင်အမြင်လွဲမှားအောင် လုပ်တာလို့လည်း ဆိုပါတယ်။

စစ်တပ်က မီးရှို့ဖျက်ဆီးလို့ ဘုန်းကြီးကျောင်းနဲ့ အိမ်ခြေ ၄၀ လောက် ပျက်စီးဆုံးရှုံးခဲ့ပြီး ပင်လောင်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်တွေရဲ့ တိုက်ပွဲကြောင့် မတ် ၉ ရက်နေ့ကတည်းက ဒေသခံပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ကလည်း စစ်တပ်ရဲ့ ဒီလုပ်ရပ်ဟာ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ အဓိကလက်နက်ဖြစ်တဲ့ သွေးခွဲတာ၊ စည်းလုံးမှုဖြိုခွဲတာ စတဲ့လုပ်ရပ်တွေကို ရှောင်ရှားနိုင်ကြဖို့ သတိပေး တိုက်တွန်းထားပါတယ်။

ပင်လောင်းမြို့နယ်အစပ်နဲ့ ဖယ်ခုံမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်တွေကို KNDFI KAI PDF (Phekhon)၊ PDF (Moe Bye)၊ PNDF(KK)၊ SSRY နဲ့ တခြား မဟာမိတ်တပ်ပေါင်းစုတွေက ခုခံတိုက်ခိုက်နေကြပြီး စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ရာဇဝတ်မှုတွေကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်က စုဆောင်းနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

1 month Ago
Up