close

ဘုရင်ကြီးစားသောက်ဆိုင်

close

January 13, 2022

ရေစကြိုမြို့ရှိ ဘုရင်ကြီးစားသောက်ဆိုင်ကို စစ်ကောင်စီတပ်က ချိပ်ပိတ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့အဝင်မှာဖွင့်လှစ်ထားတဲ့ ဘုရင်ကြီးစားသောက်ဆိုင်ကို ဇန်နဝါရီ ၁၂ ရက် နေ့လယ်   ၂ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က လာရောက်  ချိပ်ပိတ် လိုက်တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ရေစကြိုမြို့နယ်၊ ငါးရာပြည့်ရပ်ကွက်၊ ဦးကုလားကုန်းဆင်းမှာ ရှိတဲ့  ဘုရင်ကြီးစားသောက်ဆိုင်ကို စစ်ကောင်စီအင်အား ၂၀ လောက်နဲ့  လာရောက်  လမ်းတွေပိတ်ဆို့ပြီး ချိပ်ပိတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရေစကြိုဒေသခံတစ်ဦးက “အိမ်ကိုရော ဆိုင်ကိုရောပိတ်သွားတာ။ ကျနော်တို့ သိသလောက်ကတော့ ရိုးရိုးသားသားနေကြတဲ့သူတွေပါ။ ဘာလို့ချိပ်ပိတ်တာလဲတော့မသိဘူး။ ဒလန်ကချောက်ချလို့ ချိပ်ပိတ်ခံရတာလို့တော့ကြားတာပဲ။  ဒီခေတ်က မတည့်ရင် သူများစီးပွားပျက်စီးအောင် ချောက်ချလို့ ရနေတဲ့ခေတ်ဖြစ်နေတယ်”လို့  ပြောပါတယ်။

စားသောက်ဆိုင်ကို ချိပ်ပိတ်နေစဉ် စစ်ကောင်စီတပ်ကတွေ လမ်းတွေကို ပိတ်ဆို့ပြီး ဆိုင်ကယ်တွေ၊ ကားတွေကိုလည်း သွားလာခွင့်မပေးပဲ ပြန်လွှတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီသတင်းပေးသူရဲ့ မဟုတ်မမှန်သတင်းပေးမှုကြောင့် ချိပ်ပိတ်ခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆပြီး  အရင်ကလည်း ဆိုင်ထဲကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက် ရှာဖွေ ခံခဲ့ရဖူးတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ဘုရင်ကြီးစားသောက်ဆိုင်နဲ့ အိမ်ဟာ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးတည်း ပိုင်ဆိုင်တာမဟုတ်ဘဲ အမွေဆိုင်အိမ်ဝိုင်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။ ရေစကြိုမြို့ အတွင်းမှာ ဘုရင်ကြီးစားသောက်ဆိုင်ဟာ ပထမဆုံးချိပ်ပိတ်ခံရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနှံ့ အန်အယ်လ်ဒီပါတီဝင်တွေ၊ လွှတ်တော်အမတ်တွေ၊ ပါတီထောက်ခံသူတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း စစ်ကောင်စီက ချိပ်ပိတ်တာတွေ၊ သိမ်းယူတာတွေလည်း ရှိနေပါတယ်။ 

57 seconds Ago
Up