close

ဘုရားကျောင်း

close

March 31, 2023

အိန္ဒိယနိုင်ငံ ဘုရားကျောင်းတခုတွင် မတော်တဆမှုဖြစ်ပွား လူ ၁၁ ဦးသေဆုံး

အိန္ဒိယနိုင်ငံ မက်ဒယာပရာဒက်ရှ်ပြည်နယ်ရှိ အင်ဒိုရီမြို့က ဘုရားကျောင်းတခုမှာ ကြမ်းပြင်ပြိုကျပြီး မတ်လ ၃၀ ရက်က လူ ၁၁ ယောက် သေဆုံးသွားကြောင်း ဒေသမီဒီယာတွေက ဖော်ပြပါတယ်။

ဘယ်လိရှ်ဝါမဟာဒေ့ဗ် ဂျူးလေ့လာလ်ဘုရားကျောင်းမှာ ဟိန္ဒူဘာသာဝင်တွေရဲ့ ရမ်-နာဗာမီ ပွဲတော်ကို ကျင်းပနေတဲ့ နေ့လယ်အချိန်မှာ ဝတ်ပြုဆုတောင်းမှုတွေ လုပ်နေတုန်း မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ ANI သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

လူ ၁၉ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီးတော့ အဲဒီ ၁၉ ယောက်ထဲက ၁ ယောက်ကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပြီး ၁၈ ယောက်က ဘေးကင်းကြောင်း မက်ဒယာပရာဒက်ရှ် ပြည်နယ် ဝန်ကြီးချုပ် ရှီဗာဂျ်ဆင်းချိုဟန်က ပြောပါတယ်။

အခုထိ အလောင်း ၁၁ လောင်းကို ပြန်ရရှိခဲ့တာကို စိတ်မကောင်းကြောင်းလည်း သူက ဆိုပါတယ်။ ဗွီဒီယိုထဲမှာတော့ ဝိုင်းကြည့်နေတဲ့ လူအုပ်ကြားထဲကနေ မိန်းကလေးငယ်တဦးကို လူနာတင်ယာဉ်ဆီ ခေါ်ဆောင်သွားတာကို မြင်တွေ့ရပါတယ်။

3 mins Ago

March 22, 2023

နယူးဂျာစီပြည်နယ်ရှိ ဘုရားကျောင်းကြီး မီးလောင်ပြီး ခေါင်မိုးပြိုကျ

အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ် ဘာလင်တန်မြို့ရှိ ဘုရားကျောင်းကြီးတခု မတ်လ ၂၀ ရက်က မီးလောင်ကျွမ်းခဲ့ရာမှာ သူ့ခေါင်မိုးပါ ပြိုကျခဲ့ပြီး မီးသတ်သမားနဲ့ အရေးပေါ်ဝန်ထမ်း ၁၀၀ ကျော် မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ခဲ့ရကြောင်း ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

ဖီလာဒဲလ်ဖီးယားပြည်နယ်ရဲ့ အရှေ့မြောက်ဘက် နယူးဂျာစီရှိ ဖလောရင့်စ်မြို့ရဲ့ Fountain of Life စင်တာမှာ အရှေ့ဘက်စံတော်ချိန် ညနေ ၆ နာရီလောက်က မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံ ABC-6 က ထုတ်ပြန်ပါတယ်။

စင်တာရဲ့ အကြီးတန်းသင်းအုပ်ဆရာ ရပ်ဆဲလ် ဟော့ဒ်ဂျင်စ်က တွဲဆက်နေတဲ့ ကျောင်းဆောင်တခုကို ကယ်နိုင်ဖို့ မီးသတ်သမားတွေနဲ့ အရေးပေါ်ဝန်ထမ်းတွေ ကြိုးစားနေကြကြောင်း ပြောပါတယ်။

ဘာကြောင့် မီးစတင်လောင်ကျွမ်းရကြောင်းနဲ့ ဒဏ်ရာရသူရှိမရှိ အတိအကျ မသိရသေးပါဘူး။ ၁၉၇၄ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ ဘုရားကျောင်းဝင်းထဲမှာ စာသင်ကျောင်း၊ ဝတ်ပြုရာနေရာနဲ့ မိသားစုဘဝစင်တာ တို့လည်း ရှိပါတယ်။

1 week Ago
Up