ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အနီးရှိ ကြံတောကျေးရွာမှာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။
ကြံတောကျေးရွာနေ အသက် ၁၈ နှစ်အရွယ် မခိုင်သဇင်ထွေး(ခ)မမွန်ချမ်းဟာ ပြီးခဲ့တဲ့ မတ် ၁၂ ရက် မနက်ပိုင်းမှာ နေအိမ်ကနေ ဆိုင်ကယ်နဲ့ ထွက်သွားခဲ့ပေမယ့် ပြန်မရောက်လာဘူးလို့ ဆိုပါတယ်။
အဲဒီနောက် ပျောက်ဆုံးနေတဲ့ မခိုင်သဇင်ထွေး(ခ)မမွန်ချမ်းကို လိုက်လံရှာဖွေစဉ် မတ် ၁၃ ရက် ညနေ ၄ နာရီအချိန်လောက်က ကြံတောကျေးရွာ ရော်ဘာခြံတခုအနီးမှာ သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့တာပါ။
သေဆုံးသွားတဲ့ မခိုင်သဇင်ထွေးရဲ့ ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဘုရားသုံးဆူဆေးရုံကို ပို့ဆောင်ပေးထားပါတယ်။
ဒေသခံတွေအဆိုအရ မခိုင်သဇင်ထွေးဟာ သူရဲ့ ရည်းစားကောင်လေးဖြစ်သူနဲ့ သွားရောက် ချိန်းတွေ့စဉ် အသတ်ခံလိုက်ရပြီး ဆိုင်ကယ်ကိုပါ လုယူထွက်ပြေးသွားတယ်လို့ ဆိုကြပါတယ်။
အဲဒီနောက်မှာ မခိုင်သဇင်ထွေးရဲ့ ကောင်လေးဆိုသူဟာ ကြာအင်းဆိပ်ကြီးမြို့မရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့တဲ့အတွက် အမှုဖွင့်အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှာ ဇန်နဝါရီ ၂၃ ရက် မနေ့ညက တိုက်ပွဲဖြစ်ပွားပြီး စစ်ထောက်လှမ်းရေးရုံး (စရဖ)အပါအဝင် စစ်ကောင်စီရုံးတွေ တိုက်ခိုက်မီးရှို့ခံရပြီးနောက် ဒီကနေ့ မြို့ပေါ်ဈေးဆိုင်အားလုံး ပိတ်ထားကာ တိုက်ပွဲတွေ ဆက်ဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
“မနက်ကတော့ ဈေးလေးတချက်ဖွင့်တယ်။ ဆိုင်သေးသေးလေးတွေ ကဗျာကယာ ရောင်းဝယ်ပြီးတော့ ဈေးသည်လည်း တယောက်မှမရှိတော့ဘူး။ နေ့လယ် ၁၂ နာရီလောက်မှာ လိုက်ပြောတယ်။ မဖွင့်နဲ့ဆိုတော့ အကုန်လုံးပိတ်လိုက်ပြီ။ ဆိုင်သေးကော၊ ဆိုင်ကြီးကော ဘာမှမရှိတော့ဘူး။”
မနေ့ညက မီးရှို့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဒေသခံတဦးက “အသေအပျောက်က လုံးဝမသိရဘူး။ အကုန်လောင်သွားတာကိုး။ ရှိရင်လည်း အပြင်ကပစ်ပြီး မီးရှို့လိုက်တယ်ဆိုတော့ သင်္ဂြိုဟ်ပြီးပဲ။ အဲတော့ ဘယ်နှယောက်ရှိမှ သိဖို့မလွယ်ဘူးလေ။ အဲဒီနေရာတွေကလည်း သဲအိတ်တွေနဲ့ အသေပိတ်ထားတဲ့နေရာတွေ။ သံဆူးကြိုးတွေ သဲအိတ်တွေနဲ့ ပိတ်ထားတဲ့နေရာကို ရအောင်ဝင်ပြီးတော့ ရှို့တာ”လို့ပြောပါတယ်။
ဘုရားသုံးဆူမြို့ပေါ်မှာ မနေ့ ဇန်နဝါရီ ၂၃ ရက် ည ၁၀ နာရီလောက်က မြို့တွင်းတိုက်ပွဲတွေ ဖြစ်နေသလို စစ်ကောင်စီရဲ့ စစ်ထောက်လှမ်းရေးရုံး (စရဖ)၊ ထွေအုပ်ရုံးနဲ့ လဝကရုံးတွေကို KNLA နဲ့ တော်လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တွေက မီးရှို့ဖျက်ဆီးလိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီလိုဖြစ်ပွားပြီး ည ၁၁ နာရီလောက်မှာတော့ စစ်ကောင်စီလေယာဉ်တွေ လာရောက်ပြီး ဘုရားသုံးဆူနဲ့ ကြားအင်းဆိပ်ကြီးမြို့နယ်ကြားထဲက စစ်မြေပြင်တွေမှာ ဗုံးကြဲသွားခဲ့သလို ဘုရားသုံးဆူမြို့ နဂါးနီတောင်ကုန်းပေါ်မှာလည်း လက်နက်ကြီးတွေနဲ့ လှမ်းပြီး ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာမှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံပြည်သူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်က ဘုရားသုံးဆူမြို့နယ်ခွဲရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ဗျူဟာမှူး ဗိုလ်အေဝမ်းရဲ့ အမှတ် ၉၀၃ အခြေချတပ်စခန်းကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံး ၃ လုံးကြဲချခဲ့လို့ ဒီကေဘီအေတပ်သား ၂ ဦး ဒဏ်ရာရပြီး ဗျူဟာမှူး ဗိုလ်အေဝမ်းရဲ့ နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။