တောင်ကိုရီးယားနိုင်ငံရဲ့ တောင်ပိုင်းဒေသတွေကို တိုင်ဖွန်းမုန်တိုင်း ဟင်န်နမ်နော် ဝင်ရောက်တိုက်ခတ်မှုကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း အာဏာပိုင်တွေက စက်တင်ဘာ ၆ ရက်မှာ ပြောကြားလိုက်ပြီး တနေ့လုံး မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းတွေ ဆက်ရှိနေဦးမယ်လို့ ခန့်မှန်းထားပါတယ်။
ဆိပ်ကမ်းမြို့ ဘူဆန်မှာ ကြီးမားတဲ့ လှိုင်းလုံးကြီးတွေဟာ ပင်လယ်တံတိုင်းတွေကို တိုးတိုက် ဖြတ်ကျော်ခဲ့တာကြောင့် လမ်းတွေ ရေမြှုပ်ကုန်ပြီး ခြံစည်းရိုးတွေလည်း ကျိုးပျက်ကုန်ပါတယ်။
အင်္ဂါနေ့ မနက်ပိုင်းအထိ လူပေါင်း ၃၄၆၃ ဦးကို ကုန်းမြင့်ပိုင်းကို ရွှေ့ပြောင်းပေးခဲ့ပြီး အူလ်ဆန်မှာ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
တိုင်ဖွန်းမုန်တိုင်းကြောင့် ရာနဲ့ချီတဲ့ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းလိုက်ရတဲ့အပြင် လုပ်ငန်းလည်ပတ်မှုတွေကိုလည်း ရပ်ဆိုင်းထားရပြီး ကျောင်းတွေကို မဖြစ်မနေ ပိတ်ခိုင်းခဲ့ရပါတယ်။
တစ်နာရီကို ၅၂ ကီလိုမီတာနှုန်းနဲ့ မြောက်ဘက်ကို ရွေ့လျားသွားတဲ့ တိုင်ဖွန်းမုန်တိုင်းဟာ မနက် ၇ နာရီ ၁၀ မိနစ်လောက်မှာ ကိုရီးယားကျွန်းဆွယ်ကနေ ထွက်ခွာသွားခဲ့ကြောင်း ကိုရီးယား မိုးလေဝသစီမံခန့်ခွဲရေးအေဂျင်စီအရ သိရပါတယ်။