ယူကရိန်းအရှေ့ဘက်ရှိ လူအများအပြား စုပြုံခိုလှုံနေတဲ့ ခရာမာတော့ခ်မြို့ ဘူတာရုံကို ဧပြီ ၈ ရက်နေ့က ရုရှားတို့ ဒုံးကျည်ပစ်ခဲ့တာကြောင့် လမ်းပေါ်မှာ ကားတွေမီးလောင်ပြီး လူတချို့ သွေးအိုင်ထဲ လဲကျနေတဲ့ ဗွီဒီယိုကို မနေ့က ယူကရိန်းရုပ်သံတခုမှာ ပြသခဲ့ပါတယ်။
မီးသတ်သမားတွေက မီးလောင်နေတဲ့ကားကို လာရောက် မီးငြှိမ်းသတ်ခဲ့တာပါ။ အိမ်မွေးတိရစ္ဆာန်လေး ဘူတာရုံထဲ သယ်လာသူရဲ့ သွေးစွန်းခြေရာတွေက ပြန့်နေတာပါ။ လူတွေက သူတို့အိတ်တွေ ပလက်ဖောင်းပေါ် ထားပြီး အဆောက်အဦထဲ အတင်းတိုးနေတာပါ။
မြို့တော်ဝန်ပြောပြမှုအရ ဘူတာရုံမှာ လူ ၄ ထောင်လောက် စုနေခဲ့ပြီး ၅၂ ဦး သေဆုံး၊ ၁၀၀ ကျော် အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ ခရာမာတော့ခ် တမြို့လုံးမှာ လူ ၆ သိန်းနီးပါး ရှိခဲ့ပြီး အခု ၆ သောင်းလောက်ပဲ မြို့ထဲမှာ ကျန်ရှိပါတယ်။
ယူကရိန်းအရှေ့ဘက် ခရာမာတော့ခ်မြို့ရှိ စစ်ဘေးရှောင်အများအပြား ခိုလှုံနေတဲ့ ရထားဘူတာရုံ တခုကို ဧပြီ ၈ ရက်နေ့က ရုရှားဒုံးကျည် ၂ ခု ထိမှန်ခဲ့တာကြောင့် လူ ၃၉ သေဆုံးပြီး ၈၇ ဦး ဒဏ်ရာရသွားပါတယ်။
ဒွန်းညက်စ်ဒေသ အုပ်ချုပ်ရေးမှုး ပါလိုကီရာလန်ကိုက အရပ်အသားအများအပြား ခိုလှုံနေတဲ့ ဘူတာရုံကို ရုရှားက ဒုံးကျည်နှစ်စင်းနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခဲ့ပြီး ဒဏ်ရာရသူတွေလည်း ပြင်းထန်တယ်လို့ ပြောပါတယ်။
ဒုံးကျည်ပေါက်ကွဲမှုကြောင့် ဘူတာရုံ အပြင်ဘက် ကြမ်းပြင်ပေါ်မှာတော့ သေဆုံးသူတွေရဲ့ ပိုင်ဆိုင်ပစ္စည်းတွေ ပြန့်ကျဲနေပြီး ဘူတာရုံမှာ ရပ်ထားတဲ့ကားတွေ မီးကျွမ်းသွားပါတယ်။
သမ္မတဇလန်းစကီးက “အဲဒါ သာမန်ဘူတာရုံလေးပါ၊ အရပ်သားတွေချည်း ရှိတာ၊ စစ်သားတယောက်မှ မရှိဘူး၊ သက်သက် ယုတ်မာတာ” လို့ ဖင်လန်ပါလီမန်ကိုပြောတဲ့ မိန့်ခွန်းမှာ ထည့်ပြောပါတယ်။
ရုရှားကာကွယ်ရေးဌာနကတော့ ယူကရိန်းစစ်သားတွေ အဲဒီမှာ တပ်စွဲထားလို့ ပစ်တာပါလို့ အကြောင်းပြပါတယ်။