လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုဖြစ်ပြီး တစ်လကျော်အကြာ စက်တင်ဘာ ၃ ရက်က ဘေရွတ်လူနေရပ်ကွက် ပြိုကျအဆောက်အအအုံအပျက်အစီးအောက်ကနေ အသက် ရှင်သူရှိတဲ့ အရိပ်အယောင်တွေကို ကယ်ဆယ်ရေးဝန်ထမ်းတွေက ထောက်လှမ်း သိရှိခဲ့ပါတယ်။
စက်တင်ဘာ ၃ ရက်ညနေက ဂျမေးလ်အရပ်ရှိ ပြိုကျအဆောက်အအုံအောက်ကနေ လှုပ်ရှားမှုတစ်ခုကို ရှာဖွေကယ်ဆယ်ရေး ခွေးတစ်ကောင်ပါတဲ့အဖွဲ့က ထောက်လှမ်းသိရှိတယ်လို့ နိုင်ငံပိုင် NNA သတင်းအေဂျင်စီက ကြေညာပါတယ်။
အဲဒီအရပ်ဟာ သြဂုတ် ၄ ရက်ကဖြစ်တဲ့ ပေါက်ကွဲမှုကြောင့် အဆိုးရွားဆုံး ထိခိုက်ရာ နေရာတစ်ခုဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူ ၁၉၀ ခန့် သေဆုံးကာ ၆,၀၀၀ ဒဏ်ရာရခဲ့ပါတယ်။
အဲဒီလိုလှုပ်ရှားမှုကို တွေ့တာမို့ နာရီပေါင်းများစွာ အပြိုအပျက်တွေကို တူးဆွခဲ့ပေမဲ့ ပြိုကျအပျက်အစီးတွေဟာ ဘေးအန္တရာယ် စိတ်ချရမှုမရှိတာကြောင့် ရှာဖွေရေးကို ခေတ္တ ရပ်ဆိုင်းခဲ့ပါတယ်။
အပြိုအပျက်တွေကို ဘေးကင်းကင်းနဲ့ ရှင်းလင်းဖို့ဆိုရင် စက်ယန္တရားကြီးတွေ လိုအပ်ပြီး မနက်တိုင်တဲ့အထိ စက်ယန္တရား ရောက်မလာခဲ့ဘူးလို့ ကယ်ဆယ်ရေးဝန်ထမ်းတဦးက ပြော ပါတယ်။
ကယ်ဆယ်ရေး ရပ်လိုက်တာကြောင့် အဲဒီပြိုကျနေရာကို ဆန္ဒပြသူတွေ စုဝေးလာပြီး ကယ်ဆယ်ရေး ဆက်မလုပ်တဲ့အပေါ် ဒေါသထွက်ခဲ့ကြပါတယ်။
နောက်ပိုင်း အဲဒီနေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်လာခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
1 year Ago