ဥရောပမြောက်ပိုင်းက ဘောလ်တစ်ပင်လယ်ကမ်းခြေဒေသနိုင်ငံတွေကို စစ်ရေးအကူအညီ ပိုပေးဖို့ ဥရောပမဟာမိတ်တွေကို လတ်ဗီယာ ကာကွယ်ရေးဝန်ကြီး အားတစ်ပါးဘရစ်ခ်စ်က ဖေဖော်ဝါရီ ၈ ရက်မှာ ဆော်ဩလိုက်ပါတယ်။
အက်စ်တိုးနီးယား၊ လတ်ဗီယာနဲ့ လစ်သူအေးနီးယားနိုင်ငံတွေကို ပံ့ပိုးရာမှာ အမေရိကန်ကို ဥပမာကောင်းယူကြဖို့ကိုလည်း ဂရုတစိုက် ပြောဆိုလိုက်ပါတယ်။
ဒီသုံးနိုင်ငံဟာ ဥရောပသမဂ္ဂနဲ့ နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေကို ကာကွယ်ပေးနေခဲ့ပြီး အနောက်ဥရောပနိုင်ငံတွေအနေနဲ့ စစ်ရေးနဲ့ ဘဏ္ဍာရေး အထောက်အပံ့ပေးဖို့ စဉ်းစားတဲ့အခါမှာ ထည့်သွင်းစဉ်းစား ပေးသင့်တယ်လို့လည်း ပါးဘရစ်ခ်စ်က ပြောပါတယ်။
ဂျာမနီလို နိုင်ငံတွေဟာ အမေရိကန်လိုပဲ နည်းလမ်းအများအပြားနဲ့ အထောက်အပံ့ပေးနိုင်စွမ်း သေချာပေါက် ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ဂျာမနီကလည်း လစ်သူအေးနီးယားနိုင်ငံကို နောက်ထပ် စစ်သည် အယောက် ၃၅၀ စေလွှတ်မယ်လို့ ဖေဖော်ဝါရီ ၇ ရက်က ကြေညာပါတယ်။
တပ်ကူတွေဟာ အကောင်းဆုံး ရေတိုအဖြေပဲလို့ လစ်သူအေးနီးယား ကာကွယ်ရေး ဒုဝန်ကြီးက ပြောပါတယ်။
ရုရှားရဲ့ အိမ်နီးချင်းတွေအပေါ် ရန်လိုတဲ့ လုပ်ရပ်ဟာ ရုရှားအစိုးရရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ဘက် အဖြေဆီ ဦးတည်နေတယ်၊ ရုရှားနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ နေတိုးတပ်တွေ အားကောင်းလာဖို့ ညွှန်ပြနေတယ်လို့ နေတိုးအဖွဲ့ ဒုအတွင်းရေးမှူးချုပ်က ပြောပါတယ်။
သူဟာ ဖေဖော်ဝါရီ ၉ ရက်မှာ လစ်သူအေးနီးယားနိုင်ငံဆီကို ခရီးသွားမှာဖြစ်ပြီး လစ်သူအေးနီးယားမှာ နေတိုးအုပ်စု အခြေချတာ ငါးနှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်မယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။