close

ဘဲလာရုစ်တပ်

close

December 3, 2021

ပိုလန်နှင့်ဘဲလာရုစ် နယ်စပ်သို့ ဘဲလာရုစ်တပ်များ ရောက်ရှိ

ပိုလန်နဲ့ ဘဲလာရုစ်  နှစ်နိုင်ငံကြား နယ်စပ်စည်းရိုးနားမှာ ဘဲလာရုစ်တပ်တွေ ရပ်နေတဲ့ ရုပ်သံကို ပိုလန် နယ်ခြားစောင့်တပ်က ဒီဇင်ဘာ ၁ ရက်မှာ ဖြန့်ချိလိုက်ပါတယ်။

ဘလိတ်ဓား ဆူးကြိုးတပ် ခြံစည်းရိုးကိုဖွင့်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းသုံး သစ်သား ပျဉ်ပြားတခုကိုကို သုံးထားတာလို့ နယ်ခြားစောင့်တပ်က တွစ်တာလူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။

နယ်စပ်ကို ဖြတ်ကျော်ဖို့ အကြိမ်ရေ ၁၀၂ ကြိမ် ကြိုးစားခဲ့ကြတယ်လို့လည်း ပိုလန် နယ်ခြားစောင့်တပ်က နိုဝင်ဘာ ၃၀ မှာ ပြောပါတယ်။

ဘဲလာရုစ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုကတော့ ရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံရေး ဥရောပသမဂ္ဂကို ဖိအားပေးဖို့ အကျပ်အတည်း ဖန်တီးသူဆိုတဲ့ စွဲချက်ကို ငြင်းပါတယ်။

ဆီးရီးယား၊ အီရတ်၊ အာဖဂန်နစ္စတန်နဲ့ တခြားနေရာတွေက ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေဆီကို သွားနိုင်ဖို့ မျှော်လင့်ချက်နဲ့ ဘဲလာရုစ် နယ်စပ်ကို ရောက်နေတာ လချီ ကြာနေပါပြီ။

လူ့အခွင့်အရေး အလွဲသုံးစားမှုအတွက် ဘဲလာရုစ်အစိုးရကို စီးပွားရေး ဒဏ်ခတ်မှုကြောင့် လက်စားချေတဲ့ အနေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ ဘဲလာရုစ်ကိုလာပြီး နယ်စပ်ကို တရားမဝင် ဖြတ်ကူးဖို့ လူကာရှန်ကိုက အာပေးခဲ့တယ်လို့ ပိုလန်နဲ့ ဥရောပသမဂ္ဂက စွပ်စွဲထားပါတယ်။

ဘဲလာရုစ်ကတော့ စွဲချက်ကို ငြင်းပြီး နယ်စပ်က လူသားချင်း စာနာမှုအကျပ်အတည်းအတွက် ဥရောပသမဂ္ဂကို အပြစ်တင်ထားပါတယ်။

ဆောင်းရာသီ ရောက်လာလို့ စွတ်စိုအေးမြတဲ့ တောထဲမှာ စားနပ်ရိက္ခာနဲ့ သောက်ရေ နည်းနည်းနဲ့ လူအများအပြား ဒုက္ခရောက်ကာ လူ ၁၃ ယောက် သေဆုံးခဲ့ပြီးပြီလို့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေက ပြောထားပါတယ်။

2 mins Ago
Up