မက္ကဆီကို ပင်လယ်ကွေ့က ဗေရာခရုဇ်ပြည်နယ်ထဲမှာ လှေတစီးနစ်မြုပ်ခဲ့မှုကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အလောင်းတွေ ကမ်းခြေမှာ မေ ၂၃ ရက်ကစပြီး လာတင်နေခဲ့တယ်လို့ မေ ၂၄ ရက် ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဗေရာခရုဇ် ကမ်းရိုးတန်းရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းပုတ်လို့ လှေငယ်တစီး နစ်မြုပ်အပြီး ဟွန်ဒူးရပ်စ် ရွှေ့ပြောင်းနေထိုင်သူ ၃ ယောက်ရဲ့ အလောင်းတွေကို မက္ကဆီကို အာဏာပိုင်တွေက တွေ့ခဲ့တာပါ။
အသက် ၁၂ နှစ်အရွယ် ကလေးတယောက် အပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ၄ ယောက်ကိုတော့ အသက်ရှင်လျက် ပြန်တွေ့ခဲ့တယ်လို့ အာဂွါဒူလေ စည်ပင်သာယာရေးအဖွဲ့ မြို့ပြကာကွယ်ရေး ညွှန်ကြားရေးမှူး ဒေးဗစ် အဲ့စ်ပါဇာက ပြောပါတယ်။
ရှင်သန်ကျန်ရစ်သူတွေရဲ့ အပြောအရ ရွှေ့ပြောင်းနေထိုင်သူ ၄ ယောက် ပျောက်ဆုံးနေဆဲပါ။
ကယ်ဆယ်ခံ ရွှေ့ပြောင်းနေထိုင်သူတွေကို ကမ်းခြေဆီ ခေါ်လာပြီး ဆေးကုသပေးနေပါတယ်။ ပျောက်ဆုံးနေသူတွေကိုတော့ အာဏာပိုင်တွေက ဆက်လက်ရှာဖွေနေပါတယ်။