close

မက္ကဆီကိုပြည်သူ

close

January 21, 2023

မြေအောက်ရထားစနစ်အပေါ် မက္ကဆီကိုပြည်သူများ လမ်းပေါ်ထွက်ဆန္ဒပြ

မက္ကဆီကိုပြည်သူတွေဟာ မြို့တော်မက္ကဆီကိုစီးတီးရဲ့ မြေအောက်ရထားဘူတာတွေမှာ အမျိုးသားအစောင့်တပ်ဖွဲ့တွေကို တပ်ချထားမှုအပေါ် ဆန့်ကျင်ကန့်ကွက်ပြီး ဇန်နဝါရီ ၂၀ ရက်က လမ်းပေါ်ထွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဒါဟာမြေအောက်ရထားစနစ်မှာ အစိုးရရဲ့ ပြုပြင်ထိန်းသိမ်းမှုအပေါ် မေးခွန်းထုတ်စရာ မတော်တဆ ဖြစ်ရပ်တွေ ဖြစ်ခဲ့ပြီးနောက်မှာ ဆန္ဒပြခဲ့ကြတာပါ။

ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ မက္ကဆီကိုစီးတီးရဲ့ ရီဖော်မာရိပ်သာလမ်းမှာ စုရုံးခဲ့ကြပြီး မြို့တော်ရဲ့ မြေအောက်ရထားဘူတာရုံမှာ စစ်တပ်တွေ ချထားမှုကို #MobilityWithouthFear ဆန္ဒပြဆောင်ပုဒ်အောက်မှာ ဆန့်ကျင်ရှုတ်ချပြီးတော့  မြို့လယ်ခေါင်အထိ ချီတက်ခဲ့ပါတယ်။

ဆန္ဒပြသူတဦးဖြစ်တဲ့ ဂါဘရီရယ်လာ အော်တီဂါက သူမနေနဲ့ မြေအောက်ရထားကွန်ရက်မှာ ပိုမိုကောင်းမွန်တဲ့ ပြုပြင်ထိန်းသိမ်းမှုတွေကို လိုလားသလို စစ်တပ်လည်းပါဝင်နေတဲ့ အမျိုးသားအစောင့်တပ်ဖွဲ့နေရာမှာ ပိုကျွမ်းကျင်မှုရှိတဲ့ ရဲတပ်ဖွဲ့ကို အစားထိုးပေးစေချင်ကြောင်း ပြောပါတယ်။ 

ခေါင်းစွပ်အင်္ကျီတွေ ဝတ်ထားကြတဲ့ ဆန္ဒပြသူတချို့ဟာ ဒေသတွင်းရှိ စတိုးဆိုင်တွေကို စတင်ရမ်းကားခဲ့ပြီး ပြတင်းပေါက်တွေကို ရိုက်ချိုးတာနဲ့ တံခါးရွက်တွေမှာ ဂရဖ်ဖတီ ဆေးမှုတ်တာ တွေ လုပ်ဆောင်ခဲ့ကြပြီးနောက်မှာ ချီတက်ဆန္ဒပြမှုက အကြမ်းဖက်မှုအသွင် ပြောင်းသွားပါတယ်။ 

ရထားနဲ့ပတ်သက်ပြီး မူမမှန်တဲ့ဖြစ်ရပ်တွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက်မှာ မြေအောက်ရထား ဘူတာရုံတွေနဲ့ မြို့တော်ရဲ့တခြားအဆောက်အအုံတွေမှာ အမျိုးသားအစောင့် တပ်ဖွဲ့ဝင် ၆ ထောင်ကျော်ကို တာဝန်ချထားကြောင်း မက္ကဆီကိုစီးတီးမြို့တော်ဝန် ကလော်ဒီယာ ရှိန်းဘောင်း က ပြီးခဲ့တဲ့အပတ်က ကြေညာခဲ့တာပါ။ 

ဇန်နဝါရီ ၇ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ရထားတိုက်မှုတခုအတွင်း အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရသလို အခြားလူ ၅၇ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 

မက္ကဆီကိုသမ္မတရဲ့ ရင်းနှီးတဲ့မဟာမိတ်တစ်ဦးဖြစ်တဲ့ မြို့တော်ဝန်  ရှိန်းဘောင်းက ရထားတိုက်မှု အကြောင်း ပြောဖြစ်ခဲ့တဲ့ တရက်တည်းမှာတင် တခြားဘူတာတခုမှာလည်း နောက်ထပ်ပြဿနာတခု ပေါ်ပေါက်ခဲ့ပြီး နောက်တရက်မှာလည်း မတော်တဆမှု ထပ်ဖြစ်ခဲ့ပါသေးတယ်။

အဲ့ဒီဖြစ်ရပ်တွေအပြီး နောက်ဆက်တွဲဖြစ်ရပ်မတိုင်ခင် တရက်ကမှ ပြုပြင်ထိန်းသိမ်းထားတဲ့ ရထားတွဲတစီးမှာလည်း မတော်တဆမှု ထပ်ဖြစ်သွားခဲ့ပါတယ်။ 

7 mins Ago
Up