close

မက္ကဆီကိုအကျဉ်းထောင်

close

January 2, 2023

မက္ကဆီကိုအကျဉ်းထောင်တခု တိုက်ခိုက်ခံရပြီး အနည်းဆုံး လူ ၁၄ ဦး သေဆုံး

မက္ကဆီကိုနိုင်ငံ မြောက်ပိုင်းနယ်စပ်မြို့ဖြစ်တဲ့ ဟွာရဲ့ဇ်မြို့က အကျဉ်းထောင်တခုမှာ လက်နက်ကိုင်တိုက်ခိုက်မှုတခုအတွင်း အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့တယ်လို့ မက္ကဆီကို အာဏာပိုင်တွေက ဇန်နဝါရီ ၁ ရက်မှာ ပြောပါတယ်။

အကျဉ်းထောင်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေထဲမှာ လုံခြုံရေးဝန်ထမ်း ၁၀ ဦးနဲ့ အကျဉ်းသား ၄ ဦး ပါဝင်ပြီး ၁၃ ဦး ဒဏ်ရာရကာ ၂၄ ဦးထက်မနည်း ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ချီဟွာဟွာပြည်နယ် အစိုးရရှေ့နေက ထုတ်ပြန်ခဲ့ပါတယ်။ တိုက်ခိုက်မှုကို ဘယ်သူကလုပ်တယ်ဆိုတာတော့ ချက်ချင်း မသိရသေးပါဘူး။

တိုက်ခိုက်သူအားလုံးဟာ အနက်ရောင်ဝတ်ထားပြီး ရဲတွေထက်သာလွန်တဲ့ လက်နက်တွေ ကိုင်ဆောင်ထားတယ်လို့ အကျဉ်းသားတယောက်ရဲ့ နာမည်မဖော်တဲ့ ဆွေမျိုးတဦးက ပြောပါတယ်။

တိုက်ခိုက်သူတွေဟာ ထောင်ထဲကို ဒေသစံတော်ချိန် မနက် ၇ နာရီလောက်မှာ သံချပ်ကာယာဉ်တွေနဲ့ ရောက်လာပြီး ပစ်ခတ်ခဲ့တာကို ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ တွေ့ရှိခဲ့တယ်လို့ အစိုးရရှေ့နေက ပြောပါတယ်။

အစောပိုင်းမှာလည်း အနားက မြူနီစီပယ်ရဲတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တယ်လို့ အာဏာပိုင်တွေက သတင်းပို့ခဲ့ပါတယ်။

တိုက်ခိုက်သူတွေထဲက လေးဦးကို ဖမ်းဆီးရမိခဲ့ပြီး ထရပ်ကားတစီးကိုလည်း သိမ်းဆည်းမိခဲ့ပါတယ်။

အာဏာပိုင်တွေက လက်နက်ကိုင်ရန်စမှုလို့ ခေါ်တဲ့ ဒီတိုက်ခိုက်မှုအပြီး နောက်တရက်အကြာမှာ မြို့ရဲ့ တခြားအစိတ်အပိုင်းမှာ ယာဉ်မောင်းနှစ်ဦး သေဆုံးခဲ့ပါတယ်။ ဖြစ်ရပ် ၃ ခု ဆက်စပ်မှု ရှိ မရှိကို နိုင်ငံတော်အစိုးရရှေ့နေက ထုတ်မပြောခဲ့ပါဘူး။

ဩဂုတ်လတုန်းကလည်း ပြိုင်ဘက်ဂိုဏ်းနှစ်ခုက ဂိုဏ်းဝင်တွေ ထောင်ထဲမှာ ထိပ်တိုက်တွေ့ ပစ်ခတ်ခဲ့ကြလို့ အဓိကရုဏ်းအတွင်း အရပ်သားအများစုဖြစ်တဲ့ လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီနောက် ရာနဲ့ချီတဲ့ မက္ကဆီကို စစ်သားတွေကို ဟွာရဲ့ဇ်မြို့ဆီ စေလွှတ်ခဲ့ရပါတယ်။

3 mins Ago
Up