close

မက္ကဆီ

close

November 19, 2021

မက္ကဆီကိုအလယ်ပိုင်းတွင် ဆွဲကြိုးချအသတ်ခံထားရသည့် အလောင်းများ တွေ့ရှိ

မက္ကဆီကိုအလယ်ပိုင်း Zacatecas ပြည်နယ်မှာ ကြာသပတေးနေ့က လူ ၁၀ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ကာ ကိုးဦးဟာ တံတားပေါ်ကနေ ဆွဲကြိုးချ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ဂိုဏ်းအဖွဲ့တွေနဲ့ဆက်နွှယ်တဲ့ သတ်ဖြတ်မှုတွေလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ 

ဆယ်ယောက်မြောက် ရုပ်အလောင်းကို အနီးနား အဝေးပြေးလမ်းမကြီးပေါ်မှာ တွေ့ရှိခဲ့ကြောင်း အမည်မဖော်လိုတဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ 

အလောင်းတွေကို Cuauhtemoc မြူနီစီပယ်ဧရိယာမှာ တွေ့ရှိခဲ့ကြောင်း ပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အဲဒီသတ်ဖြတ်မှုဟာ နယ်မြေအတွင်း လည်ပတ်နေတဲ့ ရာဇ၀တ်ဂိုဏ်းတွေအကြား အငြင်းပွားမှုနဲ့ ဆက်နွှယ်ဖွယ်ရှိကြောင်း အရာရှိက ပြောကြားခဲ့ပါတယ်။ 

စုံစမ်းစစ်ဆေးမှုတွေကို အပြင်းအထန် ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသဆိုင်ရာအစိုးရက ပြောထားပါတယ်။ 

Quintana Roo ပြည်နယ်ရဲ့လူကြိုက်များတဲ့ ခရီးသွားဇုန်တွေ အပါအဝင် မက္ကဆီကိုနိုင်ငံရှိ တချို့နေရာတွေမှာ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေဟာ မကြာသေးမီက ပိုမိုပြင်းထန်လာခဲ့ပါတယ်။

Tulum အပန်းဖြေစခန်းမှာ အုပ်စုဖွဲ့ပစ်ခတ်မှုကြောင့် ခရီးသွားနှစ်ဦး သေဆုံးမှု အပါအဝင် ပြင်းထန်တဲ့ဖြစ်ရပ်တွေ ဖြစ်ပွားပြီးနောက်မှာ အမျိုးသားအစောင့်တပ်တွေကို Cancun နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ အမြဲတမ်းတပ်စွဲထားမှာဖြစ်ကြောင်း သမ္မတ အင်ဒရေးစ် မန်ဣုယယ် လိုပက်ဇ် အိုဘရာဒေါက နိုဝင်ဘာ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

အခုနှစ်အတွင်း စက်တင်ဘာလအထိ လူပေါင်း ၂၁,၄၉၅ ဦး သေဆုံးခဲ့ပြီး တစ်လကို ပျမ်းမျှ လူပေါင်း ၂,၄၀၀ နီးပါး သေဆုံးနေတယ်လို့ အစိုးရက ဆိုပါတယ်။ 

4 mins Ago

October 23, 2021

မက္ကဆီကို ကမ်းခြေအပန်းဖြေစခန်း ပစ်ခတ်မှုအတွင်း နိုင်ငံခြားသား ၂ ဦး သေဆုံး

မက္ကဆီကိုနိုင်ငံအရှေ့တောင်ပိုင်းရှိ ကာရစ်ဘီယံကမ်းခြေ တူလမ်အပန်းဖြေစခန်းမှာ အောက်တိုဘာ ၂၀ ရက်က စားသောက်ဆိုင်တဆိုင်ရဲ့အပြင်ဘက်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး နိုင်ငံခြားခရီးသွား အမျိုးသမီး နှစ်ယောက်  သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။ 

ကွင်တာနာရိုးပြည်နယ်ရှေ့နေချုပ်ရဲ့အဆိုအရ ဒီပစ်ခတ်မှုဟာ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်နေတဲ့ ရာဇ၀တ်အုပ်စုတွေအကြား ထိပ်တိုက်တွေ့မှုရဲ့တစိတ်တပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကြောင့် ဂျာမနီမှ အမျိုးသမီးတယောက်နဲ့ အိန္ဒိယမှ တခြားအမျိုးသမီးတယောက်တို့ သေဆုံးခဲ့ပြီး ဂျာမနီနဲ့ နယ်သာလန်မှ တခြားခရီးသွား သုံးယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ 

ပစ်ခတ်မှုစတင်ချိန်မှာ ခရီးသွားဧည့်သည်တွေဟာ စားသောက်ဆိုင်ရဲ့အပြင်ဘက်စားပွဲတွေမှာ စားသောက်နေကြပြီး နှစ်ဖက်ပစ်ခတ်မှုတွေကြားမှာ ထိမှန်ခဲ့ကြတယ်လို့ ရဲမှတ်တမ်းတွေက ညွှန်ပြ နေပါတယ်။ 

ဒဏ်ရာရ တိုးရစ်တွေကို ဒေသခံဆေးရုံတစ်ခုမှာကုသပေးနေပါတယ်။ ဂျာမနီနိုင်ငံခြားရေး ၀န်ကြီးဌာနက မက္ကဆီကို ကို လာရောက်လည်ပတ်တဲ့ သူ့နိုင်ငံသားတွေအတွက် ခရီးသွား သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ကွင်တာနာရိုးပြည်နယ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဟာ ပြည်နယ်အတွင်း ရာဇ၀တ်မှုဆိုင်ရာ အဖွဲ့အစည်းခြောက်ခုကို ဖော်ထုတ်ခဲ့ပြီး မက္ကဆီကိုနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးစနစ်မှ ကိန်းဂဏန်း တွေအရ ၂၀၂၁ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ ပြည်နယ်အတွင်း မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ရာဇ၀တ်မှုပေါင်း ၈၆၄ မှု ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်းရှိထားပါတယ်။ 

4 weeks Ago
Up