close

မကွေးတိုင်

close

November 27, 2020

မကွေးတိုင်းတွင်  သဘာဝဘေးကြောင့် မိုးသီးနှံ စိုက်ဧက ၁၉၀,၀၀၀ ကျော်ပျက်စီး

မကွေးတိုင်းအတွင်းမှာ မိုးဦးသီးနှံစိုက်ဧကပေါင်း ၁၉၀,၀၀၀ ကျော်ပျက်စီးခဲ့ပြီး ဆောင်းမြေပဲ ကြားပဲ အထွက်နှုန်းကောင်းမွန်တယ်လို့ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနကနေသိရပါတယ်။ မကွေးတိုင်း စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးလင်းမြတ်က “မိုးဦးကာလမှာ မိုးခေါင်လို့ဖြစ်တဲ့အပြင်၊ ရေကြီးရေလျှံ၊ ကမ်းပြို စတဲ့သဘာဝဘေးတွေကြောင့် သီးနှံ စိုက်ဧကပေါင်း ၁၉၀,၀၀၀ ကျော်ပျက်စီးခဲ့ပြီးတော့ မိုးနှမ်းကတော့ ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်တယ်" လို့ ပြောပါတယ်။ သီနှံပျက်စီးခဲ့တဲ့ တောင်သူတွေအတွက် နိုင်ငံတော်အနေနဲ့ ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတည်းက သီးနှံအမျိုးအစား ဧကအလိုက်ထောက်ပံပေးတာတွေလုပ်ဆောင်နေပြီး အခုနှစ်မှာလည်း စာရင်းပေးပို့ထားပြီးတော့ မကြာခင် ထောက်ပံ့ပေးတော့မယ်လို့ဆိုပါတယ်။ ဆောင်းရာသီ သီးနှံမျိုးစုံ စိုက်ပျိုးဖို့ လျာထားချက်ကတော့ ဧက ၉၃၀,၀၀၀ လောက်ရှိပြီးတော့ ၆၅ ရာခိုင်နှုန်း စိုက်ပျိုးထားကာ ဆောင်မြေပဲ(ကြားပဲ)ကတော့ အထွက်နှုန်းကောင်မွန်တယ်လို့ တိုင်းဒေသကြီးဦးစီးမှူးက ပြောပါတယ်။ မကွေးမြို့နယ် ကံစွယ်ကျေးရွာက ဒေသခံတောင်သူ ဦးမြင့်စိုးက "ပြီးခဲ့တဲ့နှစ်ကတော့ ဆောင်းပဲ တစ်ဧကကို ၁၅ တင်းလောက်သာထွက်ရှိပြီးတော့ အခုနှစ်မှာ တင်း ၂၀ ကနေ ၂၅ တင်းထိ ထွက်ရှိတာကြောင့် အထွက်နှုန်းကောင်းတယ်လို့" ပြောပါတယ်။ မကွေးမြို့က ပွဲရုံလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဒေါ်မြဝေကတော့ ဆောင်းပဲအတွက်နှုန်း ကောင်းမွန်ပြီး လက်ရှိ တစ်တင်းကို ကျပ် ၁၁,၀၀၀ ပေါက်ဈေးရှိကြောင်းနဲ့ မနက်က  ကျပ် ၁၂၀၀၀ ပေါက်ဈေးရှိလို့  စျေးကွက်အနေထား သိပ်မကွာဘူးလို့ ပြောပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ သီးနှံမျိုးစုံ စိုက်ဧက ၃၁ သိန်းလောက်ရှိပြီး  ဆီထွက်သီးနှံဖြစ်တဲ့ နှမ်းနဲ့ ပဲအမျိုးမျိုးကိုအဓိက စိုက်ပျိုးကြတယ်လို့ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနကနေ သိရပါတယ်။ မင်းထီး
1 year Ago

November 20, 2020

မကွေးတိုင်းတွင် ကိုဗစ်လူနာသစ် ၆ ဦး ထပ်တွေ့၊ စုစုပေါင်း လူနာ ၁၀၇၈ ဦး ရှိလာ

မကွေးတိုင်းမှာ ကိုဗစ်-၁၉ လူနာသစ် ၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၁၁ ဦးပါအဝင် စုစုပေါင်း အတည်ပြုလူနာ ၁၀၇၈ ဦး ရှိလာပြီလို့ တိုင်းကျန်းမာရေးဦးစီးဌာနက မနေ့ညက ထုတ်ပြန်ပါတယ်။ RDT နဲ့ စစ်ဆေးချက်အရ လူနာသစ်  ၆ ဦး ထပ်မံတွေ့ရှိခဲ့တာဖြစ်ပြီး ကိုဗစ်လူနာနဲ့ ထိတွေ့ခဲ့သူ အောင်လံမြို့က ၃ ဦး၊ စေတုတ္တရာမှာ ရန်ကုန်ကပြန်လာသူ ၁ ဦး၊ ငဖဲမြို့က ယာဉ်မောင်း ၁ ဦး၊ တောင်တွင်းကြီးက အနံ့ပျောက် စောင့်ကြည့်လူနာ ၁ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ မကွေးတိုင်းမှာ အောက်တိုဘာ ၁၉ ရက်နေ့အထိ ဓာတ်ခွဲစစ်ဆေးမှု  ၂၄,၀၁၆ ခု၊ RDT နဲ့ စစ်ဆေးမှု  ၂၀,၀၉၉ ခုရှိပြီလို့ ထုတ်ပြန်ထားပါတယ်။ အတည်ပြုလူနာ ၁၀၇၈ ဦးထဲမှာ ဆေးရုံတွေမှာ လက်ရှိကုသနေဆဲ ပိုးတွေ့လူနာ ၂၄၈ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၈၂၈ ဦးနဲ့ သေဆုံးသူ  ၂ ဦးရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆေးရုံတက်ရောက်ခဲ့တဲ့ အနံ့ပျောက် နဲ့ PUI လူနာ  ၇၆၃ ဦး ရှိပါတယ်။ RDT နဲ့ စစ်ဆေးမှု ၂ သောင်းကျော်ထဲမှာ ယာဥ်မောင်းယာဥ်နောက်လိုက် ၁၂,၇၅၁ အထိ ပါဝင်ခဲ့ပြီး စုစုပေါင်း ပိုးတွေ့  ၁၉၁ ဦးအနက် ယာဥ်မောင်း၊ ယာဥ်နောက်လိုက် ၆၂  ဦး ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ မကွေးတိုင်းမှာ ဒေသတွင်းကူးစက်မှု ပိုများလာတာကြောင့်  ပြည်သူတွေ၊ စည်းကမ်းရှိဖို့ ပိုဂရုစိုက်ကြဖို့လည်း တိုင်းကျန်းမာရေးက သတိပေးထားပါတယ်။ ဒါ့အပြင် Mask စနစ်တကျအသုံးပြုကြဖို့အတွက် တိုင်းအတွင်းမှာ Mask တွေ လိုက်ဝေတာနဲ့ အသိပညာပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
1 year Ago
Up