close

မချမ်းဘော့မြို့

close

October 5, 2022

မချမ်းဘော့မြို့ အထက်တန်းကျောင်းတွင် ဆရာမ ၃ ဦး အပါအဝင် ကျောင်းသား ၂၀ ကိုဗစ်ကူးခံရ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့က အခြေခံပညာအထက်တန်းကျောင်းမှာ  အောက်တိုဘာ ၃ ရက်က ကိုဗစ်-၁၉ ပိုးစစ်ဆေးရာ ကျောင်းဆရာမသုံးဦး အပါအဝင် ကျောင်းသူ ကျောင်းသား အယောက် ၂၀ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့  ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

အခြေခံပညာအထက်တန်းကျောင်းက ဆရာမတဦး ဖျားနာတဲ့အတွက် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရာ ပိုးကူးစက်ခံထားရပြီး ဆက်စပ်တဲ့ ဆရာမနဲ့ ကျောင်းသားတွေမှာလည်း ရောဂါပိုး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

“အလယ်တန်းပြဆရာမတဦး ဖျားတဲ့အတွက် ဆေးခန်းသွားပြတော့ ကိုဗစ်-၁၉ သံသယရှိလို့ စစ်ဆေးလိုက်တာ ပိုးတွေ့ရတယ်။ သူနဲ့ဆက်စပ်တဲ့ ကျောင်းဆရာမနှစ်ဦးနဲ့ ကျောင်းသား ၁၇ ဦးမှာလည်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတယ်” လို့ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာလအတွင်း ပူတာအိုမြို့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၀ နီးပါးရှိတယ်လို့ ထုတ်ပြန်ထားပေမဲ့ မြေပြင်အခြေအနေမှာ ဒီထက်ပိုများနိုင်ကြောင်း ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန် ၂၀၁၉ ခုနှစ်က စတင်ပြီး အခုအချိန်အထိ အတည်ပြုလူနာ ၃၀,၀၀၀ နီးပါးရှိခဲ့ပြီး သေဆုံးသူ ၁,၀၀၀ ကျော် ရှိပါတယ်။

5 mins Ago
Up