ကန့်ဘလူနယ်က ပဇီကြီးရွာအစုလိုက်အပြုံလိုက်လူသတ်မှု၊ ကမ္ဘာကြီးကဝမ်းနည်းကြောင်းစာထုတ် ရုံရှုတ်ချကြောင်း ကြေညာရုံမျှ မလုံလောက်တော့ပါဘူး။ တော်လှန်ပြည်သူတွေကလည်း ခံပြင်းနေရုံတတ်နိုင်တာမဟုတ်။ လက်တွေ့ကျတဲ့အလုပ်တွေလုပ်ကြမှာပါ။
အရပ်သားပြည်သူတွေ ငြိမ်းချမ်းစွာစုဝေးနေရာကို တိုက်လေယာဉ်နဲ့ ရည်ရွယ်ချက်ရှိရှိ တည့်တည့်ဗုံး ကြဲခဲ့တယ်ဆိုတာ အခုမဟုတ်ပါဘူး။ တိုင်းရင်းသားဒေသတွေ အပါအဝင် ကြိမ်ဖန်များစွာ ကျူးလွန်ခဲ့တာ အားလုံးအသိပါ။ လူသားမျိုးနွယ်ကို ဒီလိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပေါ် ကမ္ဘာကြီးက
၁။ ဒါဟာလူမျိုးတစ်မျိုးကိစ္စ၊ ဒေသတစ်ခုကိစ္စလို့ ဘောမထားသင့်ပါဘူး။
၂။ ဒါဟာလူသားမျိုးနွယ်တစ်စုလုံးအပေါ်မှာ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်ဝါဒက ခြိမ်းခြောက်လိုက်တာဖြစ်ကြောင်း၊ ဒါစစ်ရာဇဝတ်မှုပါ။ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့ပြစ်မှုပါ ဆိုတာပြောရမှာပါ။ ကြေကွဲအမျက်ထွက်နေရုံနဲ့ မပြီးဘူးဆိုတာလည်း သိကြပါတယ်။
ပြည်သူတွေဘာလုပ်ရမှာလဲ
ဒါဟာတစ်နည်းအားဖြင့် ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းကို မီးတင်ရှို့နေပြီဖြစ်တယ်။ ဒါကြောင့် မီးကင်းက အရေးပေါ်သံချောင်းခေါက်ရမှာပါ။ ဒါကိုအားလုံးမနိုးကြား၊ မတားဆီးဘူးဆိုရင် ဒီလို လူမဆန်ရက်စက်ရိုင်းစိုင်းတဲ့ လူသတ်ပွဲတွေဟာ အားလုံးကိုကူးစက်တော့မယ်။ မီးလိုကူးစက်တော့မယ်ဆိုတာကို သံချောင်းကျယ်ကျယ်ခေါက်ရမှာပါ။
ဘယ်လိုသံချောင်းခေါက်မလဲ
နိုင်ငံတကာအင်စတီကျူးရှင်းတွေနဲ့ ဆက်သွယ်တောင်းဆိုကြရပါမယ်။ အဲဒီမှာ သက်သေအထောက်အထားတွေ အခိုင်အလုံတင်ပြရမယ်။ ဓာတ်ပုံ ဗီဒီယိုများဟာ မီဒီယာ ပေါ်တင်တဲ့အခါ မီဒီယာကျင့်ဝတ်အရ ဖုံးကွယ်ရတာတွေရှိပေမဲ့ စစ်ရာဇဝတ်မှုအတွက်ကတော့ တရားရုံးကိုတင်ပြတဲ့အခါမှာ မှုခင်းဓာတ်ပုံရဲ့ ရှင်းလင်းပြတ်သားမှု လိုပါတယ်။
ပြတ်သားတဲ့ မှတ်တမ်းမှတ်ရာအထောက်အထားတွေကို ဝိုင်းပြီးဖြန့်ဝေပေးကြမှာပါ။ ဒီနှစ်အတာကို စစ်ကောင်စီဖြစ်စေချင်နေတဲ့ သွေးအိုင်သင်္ကြန်မကျစေဖို့လည်း ဂရုပြုရပါမယ်။ နိုင်ငံတကာကလည်း ဒါကိုဝမ်းနည်းကြောင်း လက်မခံကြောင်းပြရမှာဖြစ်သလို ဒီထက်မကတားဆီးကာကွယ်ကြရမယ်၊ တိုက်ဖျက်ကြရမယ်ဆိုတာကိုပါ ရှင်းလင်းပြတ်သားတဲ့ သတင်းစကားပေးကြရပါမယ်။
ဒီဖြစ်ရပ်ဆိုးကို ပြည်သူတွေကဓာတ်ပုံ ဗီဒီယိုမှတ်တမ်း၊ ပန်းချီ၊ ကာတွန်း၊ ကဗျာ ဂီတတွေနဲ့လည်း သရုပ်ဖော်ပြီး ဖော်ထုတ်ဆန့်ကျင်ရမှာဖြစ်သလို နိုင်ငံတကာရဲ့ Trend ဖြစ်တဲ့ twitter ကနေလည်းအ အားကောင်းမောင်းသန် tweet ကြရမှာဖြစ်ပါတယ်။
ပြည်တွင်းအသုံးများတဲ့ ဖေ့စ်ဘွတ်ခ်တစ်ခုတည်းမကပါဘူး။ နိုင်ငံတကာလမ်းကြောင်းဖြစ်တဲ့ တယ်လီဂရမ်၊ တွစ်တာတို့ကိုလည်းသုံးပြီး ဒီစစ်ရာဇဝတ်မှုကြီးကို ဖော်ထုတ်ကြရမှာပါ။ တားဆီးရမှာပါ။ တိုက်ဖျက်ရမှာပါ။ ဆိုလိုတာကတော့ ဒါကို ဂလိုဘယ်ကမ်ပိန်း (Global Campaign) အဖြစ် အားလုံးက အားစိုက်ပြီးလုပ်ကြမှာပါ။
ဒီအမှုကျူးလွန်သူတွေကို နိုင်ငံတကာဥပဒေတွေအရ လမ်းကြောင်းသီးသီးက အရေးယူရမှာဖြစ်သလို လက်တွေ့ကျကျ ဖက်ဆစ်တပ်ရဲ့ ဘဏ္ဍာရေးကိုတ်တောက်ရပါမယ်။ စစ်အသုံးစရိတ်ပြတ်သည်အထိ အဲဒီလို တိုက်လေယာဉ်တွေ ပြည်သူကို၊ အပြစ်မဲ့အရပ်သားတွေကို ဗုံးကြဲဖို့ ဝင်ငွေတွေရနေတဲ့ MOGE ကို အားလုံးက တပြိုင်နက်ထိထိရောက်ရောက် ဖြတ်တောက်ဖို့ကြိုးစားကြရမှာပါ။
ဘာလုပ်ရမလဲလို့မေးနေတဲ့ကမ္ဘာကြီးကို "ဒါအတိအကျလုပ်ပေးပါ၊ တစ်ပြိုင်နက်ထဲမှာ အခြားသော အရေးယူမှုတွေလုပ်ပေးပါ"လို့ တသံတည်းညီ တချီတည်း ရုန်းကြရမှာပါ။
လေကြောင်းရန်ကာကွယ်ဖို့စနစ်တွေ၊ အထောက်အကူပြုကိရိယာတွေ ပေးကြရမှာဖြစ်သလို အဲဒီတိုက်လေယာဉ်တွေ မပျံတက်နိုင်အောင် MOGE ကို ပိတ်ဆို့ပေးဖို့လည်း တလက်စတည်း တောင်းဆို နေရမှာပါ။
အပြစ်မဲ့ အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ပြည်သူတွေကိုယ်စားသူ သူတို့နဲ့အတူရပ်တည်ကြောင်း ဒီလိုရက်စက်ရိုင်းစိုင်းမှုမျိုးကို လက်မခံကြောင်း ကာကွယ်တားဆီး တိုက်ဖျက်သွားမှာဖြစ်တဲ့အကြောင်း သင်္ကေတမျိုးစုံနဲ့ ပြကြရမှာပါ။ လက်တွေ့ကျတဲ့အလုပ်တွေကိုလည်း အတူအားထုတ်ကြမှာ ဖြစ်ပါတယ်။
သတိပြုစရာ
ဒီကိစ္စမှာ လူမဆန်ရက်စက် အစုလိုက်အပြုံလိုက် လူသတ်မှုကျူးလွန်သူတွေကို အရေးယူဖို့မပြောဘဲ အပြစ်မရှိသူတွေကို အပြစ်ရှာ အပြစ်တင် အပြစ်ဖို့နေတဲ့ အောက်လုံးထိုးတွေကိုလည်း ဂရုပြုကြပါ။
ဒီကျေးရွာရဲ့ဝန်းကျင်မှာ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်တွေ ရှိနေသည်ဖြစ်စ အရပ်သားပြည်သူများအပေါ် အရပ်ဘက်ပစ်မှတ်များကို ဗုံးကြဲခဲ့တာကို ရှောင်လွှဲဖို့မကြိုးစားပါနဲ့။ အစုအပြုံလိုက်လူသတ်ပွဲဆိုတာ အငြင်းပွားမခံပါနဲ့ အာရုံလွှဲမခံပါနဲ့။ တရားခံအရင်းကို ထွက်ပေါက်ပေးပြီး အပြစ်မရှိသူကိုပုံချတဲ့ရေးသားစွပ်စွဲမှုတွေ စနစ်တကျအုပ်စုဖွဲ့ပြီး မျိုးစုံတက်လာပါ လိမ့်မယ်၊ ဒါကစစ်ကောင်စီလိုချင်တဲ့ ကလိန်ကျနည်းပါ။ မျက်ခြည်မပြတ်ရမှာက စစ်ကောင်စီဟာ အစုပြုံလိုက်သတ်ဖြတ်ခြင်းဖြင့် လူသားမျိုးနွယ်တစ်စုလုံးကို မီးရှို့နေပြီဆိုတာကိုသာ အရေးပေါ် သံချောင်းခေါက်ကြပါ။
ပြည်သူကို မိနစ်ပိုင်းအတွင်း လေကြောင်းကနေ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေပေါ်က ဖျက်အားပြင်း လက်နက်တွေသုံးပြီး ရာဂဏန်းချီ သတ်ဖြတ်တယ်။ ပြီးတော့ မကျေနပ်သေးဘူး ရုပ်အလောင်းတွေကို ဖျောက်ဖျက်ဖို့ နောက်တကြိမ် လေကြောင်းက အလားတူ ထပ်တိုက်ခိုက်တယ်။
"လူမဆန်မှုတွေအရေးယူဖို့လုံလောက်သေးဘူးလား ကမ္ဘာကြီးရဲ့"
လူ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ဖြစ်သွားလောက်တဲ့ လူသတ်လက်နက်တွေနဲ့ စစ်မိစ္ဆာတွေက ရက်ရက်စက်စက် သတ်ဖြတ်နေချိန်မှာ ကမ္ဘာကြီးက "လူကိုမသေစေနိုင်သောလက်နက် "(Non - Lethal Weapons) ဆိုတာ ဘယ်လိုဟာမျိုးတွေပါလဲလို့ ဆန်းစစ်အဖြေရှာနေရမယ့် အချိန်မဟုတ်တော့ဘူးလို့ စိတ်ပိုင်းဖြတ်သင့်ပါပြီ။
ပြည်သူများခင်ဗျား NUG အစိုးရအပါအဝင် တာဝန်ရှိအဖွဲ့အစည်းအသီးသီးက လုပ်ထိုက်တာ မှန်သမျှ အချိန်နဲ့အမျှ အားစိုက်လုပ်နေပါတယ်။ တော်လှန်ပြည်သူများကလည်း ကိုယ်နိုင်သမျှ တညီတည်း ရုန်းကြဖို့ပါ။
အလိုအပ်ဆုံး အရှင်းဆုံးပြောရရင်တော့ ဒါကို ဂလိုဘယ်ကမ်ပိန်း (Global Campaign)အဖြစ် အားလုံးတပြိုင်နက် အားစိုက်ကြမှာဖြစ်ပါတယ်။ အရင်ဆုံးပစ်မှတ်ကတော့ MOGE ဝင်ငွေလမ်း စစ်ကောင်စီရဲ့ ပင်မသွေးကြောကို ဖြတ်ချလိုက်ဖို့ပါပဲ။
"စစ်ကောင်စီကတော့ ပြည်သူအပေါ် အစွမ်းကုန် ရက်စက်သတ်ဖြတ်ဖို့ စစ်ရေးအသုံးစရိတ် ဘီလီယံပေါင်းများစွာ တိုးမြှင့်သုံးစွဲသွားဖို့ လျာထားဆုံးဖြတ်ထားတာလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီအသုံးစရိတ်တွေရဲ့ အဓိက ပင်မရေသောက်မြစ်ဟာ MOGE ကရတဲ့ ငွေတွေ ဖြစ်တယ်ဆိုတာ အထူးပြောစရာလိုမယ်မထင်ပါဘူး။"
တခြားသော ဘဏ္ဍာရေးတွေလည်းပါပေမယ့် တပြိုင်နက်တည်း စုပေါင်းတောင်းဆို MOGE ကို ရှေ့ဆုံးက ဖြတ်ချရမှာလို့ပြောပါ ရစေ။
ပြည်သူအသက်များစွာ ရင်းခဲ့ရသမျှ နွေဦးအောင်ပွဲ ထိုက်တန်စွာရရမယ်။
မင်းကိုနိုင်
( ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသား ဖော်ပြထားသည့် အတွေးအမြင်များကို ပြန်လည်ဖော်ပြထားခြင်းဖြစ်သည်။ )
အာဆီယံ၊ G-20၊ APEC စသဖြင့် အာရှနှင့် ပစိဖိတ်အတွက် အစည်းအဝေးတွေ လှုပ်လှုပ်ရွရွ ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ အထူးသဖြင့်တော့ အရှေ့တောင်အာရှဒေသကို နိုင်ငံကြီးတွေက အာရုံရလာကြတာဟာ တော်လှန်ရေးအတွက် အခွင့်ကောင်းပါ။
တော်လှန်ရေးအင်အားစုတွေရဲ့ စုဖွဲ့မှုအပေါ်မှာ မူတည်ပြီး နိုင်ငံကြီးတွေ အိတ်ကပ်ထဲ လက်နှိုက်ကြပါလိမ့်မယ်။ ယူကရိန်းနဲ့ မတူဘူးဆိုတာ မှန်ပါတယ်၊ ဝန်ခံပါတယ်။ အကျိုးစီးပွား အခြေခံကို မတူတာပါ။ ဒါပေမဲ့ မြန်မာအတွက် စစ်ကောင်စီနဲ့ ပြည်သူ့တော်လှန်ရေး အင်အားမျှခြေကို ချိန်ခွင်လျှာ စောင်းကျသွားဖို့တော့ အလေးပိုးနိုင်ပါလိမ့်မယ်။
စစ်ကောင်စီ ကျင်းပချင်တာ တပိုင်းသေနေတဲ့ လုပ်ပွဲ (ရွေးကောက်ပွဲလို့ခေါ်ဖို့ ဘယ်လိုမှ မထိုက်တန်) ကို ကြိုကန်အငြင်းခံရတာက စစ်ကောင်စီအတွက် ရွှေ့ကွက်ကုန်တာပါပဲ။ ဒီအနေအထားမှာ စစ်အာဏာရှင် ကျဆုံးခန်းအတွက် ဆိုလိုတီး၊ အင်ထရို ဝင်နေပါပြီ။ တဆက်တည်း Orchestra ကြီးနဲ့ တွေ့ရတော့မှာပါ။
ပူတင်ခမျာလည်း ယူကရိန်းကို ကျူးကျော်မှုဟာ အချီပြည့်ထိုး၊ အမှတ်နဲ့ရှုံးတာ ယူမလား၊ အလဲထိုးခံရတာကို ယူမလား ဒီနှစ်မျိုးပဲ ရွေးရတော့မှာပါ။ ဇာတ်ခုံပေါ်တက်ပြီး ကမ္ဘာ့ခေါင်းဆောင်ကြီးလို့ မော်ဖူးခွင့်တောင်းခဲ့တဲ့ စစ်ကောင်စီဟာ ဒီအရှုံးမှာ မပတ်သက်ချင်ဘူးဆိုလို့ မရတော့ပါဘူး။ အမှုတွဲခဲ့ပါပြီ။ ကိုယ်တိုင် အမှုတွဲခဲ့ပါပြီ။
ဒီလိုအချိန်မှာ နိုင်ငံတကာမျက်နှာစာ မီဒီယာတွေထက် မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှု၊ အလားအလာတွေ ခါးစောင်းတင်လာချိန် ဖြစ်လာပါတယ်။ ဇောချွေးပျံလာသူ “အာ့ကျကျအဖွဲ့တွေ” ခမျာ လုပ်ကြံဇာတ်ကိုတောင် ယုတ္တိရှိအောင် မလိမ်နိုင်တော့ပါဘူး။ တော်လှန်ရေးအစ ဗေထိ ဆိုကတည်းက ဖမ်းထားတဲ့ ဝန်ကြီးချုပ်၊ တမလွန်ရောက်ပြီးသား ပုဂ္ဂိုလ်များကိုပါ ဒီလုပ်ကြံဇာတ်လမ်းမှာ ကြိုးကိုင်သူတွေအဖြစ် အယောင်ယောင်အမှားမှား ထည့်မိခဲ့တာကို ကြည့်ပါ။
သူတို့က ကိုယ့်အခြေအနေ မဟန်တိုင်း တော်လှန်ရေးကို ဆယ်မိုးဆယ်နွေ ကြာမလိုလို ပြန်ပြီး လုပ်ကြံပါသေးတယ်။ ဒီအတွက်နဲ့ လိုတာကို ရေးပါမယ်။ တိုင်းရင်းသားဒေသတွေမှာ အကြိမ်ကြိမ်အခါခါ ဗုံးကြဲခဲ့၊ ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ပြီးတော့ လက်ယက်ကုန်း၊ အနမ့်ပါ စသဖြင့် လေကြောင်းက စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တာတွေဟာ စစ်ကောင်စီအတွက်တော့ အမှားကြီး မှားခဲ့ပါတယ်။ အပြစ်မဲ့ပြည်သူတွေလည်း ထိခိုက်နစ်နာခဲ့ပါတယ်။ ဒါပေမဲ့ အကျိုးဆက်ကလည်း ပိုပြီးတော့ ကြီးပါတယ်။ တကယ်တော့ ဒါဟာ လက်ဝှေ့စကားနဲ့ဆိုရင် ခါးအောက်ပိုင်းကို ထိုးတာပါ။ ဒိုင်တွေက ဒါကို တားဆီးရမှာပါ။ မဖြစ်မနေကို တားဆီးရတော့မှာပါ။
ပြည်သူတွေဟာ ကိုယ့်အားကိုယ်ကိုးမယ်ဆိုတာ ကြွေးကြော်ပြီးသား၊ ယုံကြည်ပြီးသားပါ။ ဒီအတွက် တော်လှန်ရေးအင်အားစုတွေ၊ မြန်မာပြည်သူတွေဟာ ပူဆွေးအားငယ်မနေဘဲ ကြေကွဲမှုကို အားယူ စွမ်းအင်ပြောင်းပြီး ကမ္ဘာပတ် မီးထွန်းပြခဲ့ကြပါတယ်။ လေကြောင်းက တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေကို ကမ္ဘာအနှံ့ လွှတ်တော်တွေ၊ အစိုးရတွေ၊ အင်စတီကျူးရှင်းတွေ၊ တက္ကသိုလ်တွေကအစ လူ့အဖွဲ့အစည်းပေါင်းစုံကို လိုက်ဖြန့်ကြပါတယ်။ ပြည်တွင်းပြည်ပက အင်အားစုတွေအားလုံးက တခဲနက် အလုပ်လုပ်ခဲ့ကြတာပါ။
အဲဒီလို တိုင်တန်းချက်တွေ၊ ခိုင်မာတဲ့ သက်သေတွေနဲ့ တင်ပြမှုတွေကပဲ ကမ္ဘာကြီးအတွက် စဉ်းစားစရာ ဒိုင်မှန်ဖြစ်အောင် ဆုံးဖြတ်ပေးစရာ ဖြစ်လာပါတယ်။ ဖက်ဆစ်တပ်ရဲ့ တခုတည်းသော အားကိုးရာ ရက်စက်ရိုင်းစိုင်းရာကို ဟန့်တားရိုက်ချိုးမှဖြစ်မယ်ဆိုတာ အခိုင်အမာ ပြနိုင်ခဲ့ကြပါတယ်။
“ဂါထာ ရေမန်းနဲ့ မရ၊ ကြိမ်ဝင့်မှသာ ရတော့မယ်” ဆိုတာ ကောင်းစွာ သဘောပေါက်လာကြပါတယ်။ အာရုံရလာကြပါတယ်။
“ကမ္ဘာက မသိသေးတာတွေ သိမှ၊ ပြည်သူမှာ ရသင့်တာတွေရရှိမယ်” ဆိုတာ ကျေးဇူးပြုပြီး မှတ်ပေးထားကြပါ။
နည်းပညာခေတ်မှာ သမိုင်းဆိုတာ အကြာကြီး စောင့်စရာမလိုပါဘူး။ ချက်ချင်း သမိုင်းဖြစ်တာပါ။ ဒါကို ထိတ်လန့်သူတွေက နွေဦးတော်လှန်ရေးကို သားလျှောသယောင် စွပ်စွဲကြတာပါပဲ။
တကယ်တော့ သမိုင်းကြောင်းကိုယ်စီနဲ့ ရပ်တည်လာကြတဲ့၊ တော်လှန်ရေးအဖွဲ့အစည်းအစုံဟာ ညီညွတ်မှုတွေရဖို့ အလုပ်အတူလုပ်ဖို့အတွက် မညှိမဖြစ် ညှိကြရပါတယ်။ ဒီလိုပဲ မြန်မာ့အရေးနဲ့ ဆက်နွှယ်နေတဲ့ နိုင်ငံကြီးတွေကလည်း ကိုယ်စီလမ်းကြောင်းတွေ မတူကြပါဘူး။ ဒါတွေဟာ မညှိမရ ညှိကြရတာပါ။
ဒီလို မျှခြေရှာတဲ့နေရာမှာ မျိုးဆက်ပေါင်းစုံစုထားတဲ့ NUG နဲ့ တော်လှန်ရေး ခေါင်းဆောင်တွေက ဒီအရည်အချင်း ရှိပါတယ်။ ဒါတွေက တကယ်လုပ်နေတဲ့အချိန်မှာ မပြောပြဘဲ လုပ်နေရတာပါ။ အသံတိတ်လေ ပိုလန့်ပြီးတော့ တိုက်ခိုက်လေပါ။
ဥပမာဆိုရင် စစ်ကိုင်းဒေသဟာ ၈၀ ရာခိုင်နှုန်းလောက်က ကျောင်းပြန်တက်နေနိုင်ကြပါပြီ။ အဲဒီမှာတက်တဲ့ ကျောင်းတွေရဲ့ ပညာရေးစနစ်တွေကလည်း လွတ်လပ်တာဖြစ်တဲ့အတွက် ကျောင်းသားတွေက ယခင်ပညာရေးအဟောင်းထက် ပိုနှစ်သက်ကြပါတယ်။ ပြည်သူတွေကလည်း ခု ငါတို့ရဲ့ NUG အစိုးရလက်အောက်မှာ ငါတို့ နေရတယ်ဆိုတဲ့ အသိနဲ့ပါ။ အာဏာသုံးရပ်စလုံးကို စနစ်တကျ ခွဲဝေကိုင်တွယ်နေကြတာပါ။ အဲဒီတော့ လွတ်မြောက်နယ်မြေအဖြစ်နဲ့ ခံစားနေရတဲ့ ပြည်သူတွေဟာ တာဝန်လည်း ယူကြပါလိမ့်မယ်။
အဲဒီပြည်သူတွေနဲ့လည်း NUG အစိုးရဟာ ညှိရပါတယ်။ ဒါကြောင့် သုံးဖက် ညှိနေရတာပါ။ စစ်တပ်ကို ဘယ်လောက် ဟန့်တားထိန်းချုပ်နိုင်မလဲ သူတို့သိချင်တယ်။ တိုင်းရင်းသားတွေနဲ့ ဘယ်လိုညှိလို့ရလဲ၊ နိုင်ငံတကာနဲ့ ဘယ်လိုညှိမလဲ ဒါတွေလည်း သိချင်ပါတယ်။ NUG က ဒါတွေ ကြေညက်ပေးရမှာပါ။
အကောင်းဆုံးကတော့ “ရှင်းအောင်ပြော၊ ဖြစ်အောင်လုပ်ပြ” ဖို့ပါ။ ပြည်သူတွေရဲ့ သဘောထားက NUG အနေနဲ့ ရှင်းလင်းတဲ့ သတင်းစကားကို ပေးပြီးရင် ဖြစ်နိုင်တာကို ပြော၊ တကယ်ဖြစ်အောင် လုပ်ပြ။ အဲဒီလို တကြိမ်က နှစ်ကြိမ် ဖြစ်ဖြစ်လာရင် ပိုပြီးတော့ ယုံကြည်လာပါလိမ့်မယ်၊ အပြည့်အဝ လက်တွဲပါလိမ့်မယ်။ ခု ပြည်သူတွေရဲ့ အနေအထားက ပုံအောလို့ မရသေးလို့ပါ ဆိုသူတွေ များစွာပါ။ ဒါပေမဲ့ ပြည်သူတွေက NUG နဲ့ တဖက်တည်းမှာ ရှိပါတယ်။ တသားတည်းဖြစ်ဖို့ ကြိုးစားရပါမယ်။
ယူကရိန်းမှာ ပြည်သူ့စစ်သားတွေက ဗျူဟာအရ အရေးပါဆုံး ခါဆွန်မြို့ကို သိမ်း၊ အလံစိုက်ဖို့ လာတော့၊ သူတို့ပြည်သူတွေက အောင်လံစိုက်လို့ ကြိုနှင့်ပြီ ဆိုတာမျိုး ကျနော်တို့ ပြည်သူတွေက အသင့်ရှိပါတယ်။ စစ်နိုင်ရုံမက ပြန်လည်ထူထောင်ရေးအတွက် ယူကရိန်းပြည်သူတွေ တက်ကြွမှုထက် မလျော့တဲ့ အားမာန်တွေနဲ့ပါ။
အခု မြို့ပြမှာ အဝတ်အထည်တွေပေါ်က တော်လှန်ရေးစာသားတွေနဲ့ အန်တုပြနေတာ ကြည့်ပါ။ ကမ္ဘာသမိုင်းရဲ့ သင်ရိုးသစ်တွေပါ။ ပြကွက်သစ်တွေ တီထွင်ပြရတဲ့ ပြည်သူတွေဟာ အန္တရာယ်ကြီးကြောင်း မသိ မဟုတ်၊ လက်ရုံးရည် နှလုံးရည် အပြည့်ရှိကြောင်း ပြနေကြတာပါ။
ဒီလိုပဲ EOD အပါအဝင် ဘဏ္ဍာရေးလှုပ်ရှားမှုတွေ တော်လှန်ရုပ်ရှင်နဲ့ တွဲလျက် တော်လှန်သရုပ်ဖော်တွေဟာလည်း ပြည်ပရောက် မြန်မာပြည်သူတွေရဲ့ ကမ္ဘာပတ်ပြိုင်ပွဲလို ရုန်းကြွနေကြတာပါ။ ဒါတွေ နောက်မှ ပြောပါဦးမယ်။
အခုတော့ NUG တော်လှန်ရေးအင်အားစုတွေကို မဖြစ်မနေ ထိတွေ့ဆက်ဆံဖို့ အခင်းအကျင်း ရပါပြီ။
ကမ္ဘာကြီးက အာရုံညွတ်လာတဲ့အပေါ် အခွင့်သာခိုက် ရုန်းလိုက်ဖို့ပါ။
မဟာမိတ်တပ်ပေါင်းစု ညီညွတ်မှုမျိုးနဲ့ တသံတည်းညီ၊ တချီတည်း ရုန်းကြဖို့ပါ။
ပန်းတိုင်ရှိရင် ခရီးတော့ ရှိရမယ်၊ အဝေးကို နီးချင် အားတော့ စိုက်ရမယ်ပေါ့ ခင်ဗျ။
မင်းကိုနိုင်
(၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ရေးသားထားသည့်ပို့စ်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)