close

မင်းကောင်းချစ်

close

May 12, 2023

မူးယစ်ဆေးဝါးရဲ့ သခင်တပိုင်း ကျွန်ရိုင်းလည်းဖြစ်တဲ့ စစ်ရာဇဝတ်ဂိုဏ်း (သို့) မြန်မာ့ဘိန်းတပ်မတော်

နိုင်ငံရဲ့လွတ်လပ်ရေးကို ပြည်သူနဲ့လက်တွဲတိုက်ယူဖို့ ဗိုလ်ချုပ်‌အောင်ဆန်း ဦးဆောင်ပြီး ရဲဘော်သုံးကျိပ်တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့ရာက ပေါ်ထွန်းလာခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ မသူတော် စစ်မိစ္ဆာတလက်အောက် ကျရောက်ပြီးတဲ့နောက် အခုဆို ပြည်သူလူထုက ခါးခါးသီးသီး မုန်းတီးရွံရှာခြင်းခံရတဲ့ မူးယစ်ဆေးဝါးရဲ့ သခင်တပိုင်း ကျွန်ရိုင်းလည်းဖြစ်တဲ့ စစ်ရာဇဝတ်ဂိုဏ်းအဖြစ် ကျက်သရေမဲ့စွာ အဆင့်လျော့ကျခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ မိမိတပ်သားတွေကို သိက္ခာမဲ့စွာ မူးယစ်ဆေးဝါးကို သုံးစွဲစေပြီး စစ်တိုက်ခိုင်းတဲ့ စစ်တပ်ဆိုတာ မြန်မာစစ်မိစ္ဆာတပ်ဖွဲတဖွဲ့ပဲ ရှိမယ်ထင်ပါတယ်။ ဒီလိုရေးရတာ အကြောင်းမဲ့ မဟုတ်ပါဘူး။ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်က သိမ်းပိုက်ထားခဲ့တဲ့ စစ်အာဏာလုကောင်စီ စခန်းကုန်းတခုကို ပြန်သိမ်းဖို့ကြိုးစားခဲ့ကြတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို-ပြင်ဦးလွင် တိုက်ပွဲတွေမှာ စစ်ဓားပြဆေးစွဲတပ်ဟာ ဗျူဟာကျကျ စစ်ဆင်ရေးတွေနဲ့ လာတိုက်တာမဟုတ်ဘဲ လူလှိုင်းစစ်ဆင်ရေးနဲ့ လာတိုက်ခိုက်ပြီး PDF တွေဘက်က ပစ်လို့မနိုင်တော့တဲ့အထိ ဖြစ်လာကာ ပြန်ဆုတ်ပေးရတယ်လို့ MDY PDF က ရဲဘော်ကိုဇော်ကြီးက မဲခေါင်သတင်းကို ပြောပြခဲ့တဲ့ သတင်းကို ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က ဖတ်လိုက်ရပါတယ်။

ဒီလို စစ်ရေးဗျူဟာမရှိဘဲ လူအင်အားကိုသုံးကာ ဇွတ်တက်လာတာဟာ လူသာမန်တယောက်အဖို့ မဖြစ်နိုင်ဘဲ စိတ်ကြွမူးယစ်ဆေးဝါးသုံးမှပဲ လူစိတ်ပျောက်လို့ စစ်သွေးကြွပြီး တက်လာရဲမှာလို့ ကိုဇော်ကြီးက သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။ တကယ်တော့ စစ်အာဏာရှင်တွေဟာ စစ်သားတွေကို စစ်တိုက်ဖို့သာ မူးယစ်ဆေးဝါးတွေကို သုံးစွဲစေတာမဟုတ်ဘဲ လူထုအရေးတော်ပုံကြီးတွေကို သတ်ဖြတ်ဖြိုခွင်းကြတဲ့ အဓိကရုဏ်းနှိမ်နင်းရေးတပ်တွေကို ဆန္ဒပြ လက်နက်မဲ့ပြည်သူတွေ ပစ်ခတ်သတ်ဖြတ်ရဲအောင် မူးယစ်‌ဆေးဝါးတွေ တိုက်ကျွေး အမိန့်ပေးခဲ့ကြပါတယ်။

၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကို ဖြိုခွင်းဖို့ စစ်ထောက်လှမ်းရေး မိစ္ဆာခင်ညွန့်တို့အဖွဲ့ဟာ တန်ပြန်သပိတ်အတွက် အများသောက်သုံးရေ အဆိပ်ခပ် ခိုင်းစေခံရသူတွေကို လူစိတ်ပျောက်ပြီး ရိုက်လည်းမနာမကျင် အသတ်ခံရမှာလည်း မကြောက်တဲ့ အဆင့်ထိရောက်စေတဲ့ မူးယစ်ဆေးဝါး‌တွေ တိုက်ကျွေးစေလွှတ် ယုတ်မာခဲ့ကြပါတယ်။

မူးယစ်ဆေးဝါးဆိုတာ မှန်ကန်စွာ အသုံးမချဘူးဆိုရင် လူတဦးအတွက်ဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံအတွက်ဖြစ်ဖြစ် အလွန်အန္တရာယ်ကြီးမားလှပါတယ်။ မူးယစ်ဆေးဝါးကို လွဲမှားစွာ သုံးစွဲကြတာကြောင့် အဖိုးတန်တဲ့ လူ့အသက်နဲ့ ဘဝတွေ မြောက်မြားစွာ ဆုံးရှုံးခဲ့ရသလို တိုင်းနိုင်ငံတွေ ဆင်းရဲဒုက္ခအဖုံဖုံ ရောက်ခဲ့ကြရပါတယ်။

ကမ္ဘာ့သမိုင်းကို ပြန်လည်စောင်းငဲ့ကြည့်လိုက်မယ်ဆိုရင် ၁၉ ရာစုမှာ ဖြစ်ပွားခဲ့တဲ့ ပထမ ဘိန်းစစ်ပွဲ (၁၈၄၀-၁၈၄၂) နဲ့ ဒုတိယဘိန်းစစ်ပွဲ (၁၈၅၆-၁၈၆၀) ဟာ ဗြိတိသျှကုန်သည်တွေ တရုတ်ပြည်ကို ဘိန်း‌တွေ အတားအဆီးမရှိ ရောင်းချနိုင်ရေးအတွက် ဗြိတိသျှတွေဟာ မူးယစ်ဆေးဝါးကို သူတို့ကိုယ်ကျိုးစီးပွားအတွက် လွဲမှားယုတ်ညံ့စွာ အသုံးချ အမြတ်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ ကျူးကျော်စစ်ဖြစ်ပါတယ်။

အဲ့ဒီစစ်ပွဲမှာ ခေတ်‌နောက်ကျကျန်ရစ်တဲ့ တရုတ်တွေ စစ်ရှုံးခဲ့ရပြီး စက်မှုတော်လှန်ရေးကြောင့် တခေတ်စော တိုးတက်ပြီးသား ဗြိတိသျှတို့ စစ်နိုင်တာကြောင့် ဟောင်ကောင်ကျွန်းကို သိမ်းပိုက်ခွင့် ရသွားခဲ့ပါတယ်။ အဲ့ဒါအပြင် တရုတ်ပြည်သူတွေ ဘိန်းစွဲခဲ့ရပြီး စာရိတ္တပျက်ပြားမှု၊ ကျန်းမာရေးချို့ယွင်းမှုတွေ ခါးစည်းခံရရုံသာမက ကုန်ထုတ်စွမ်းအားတွေ ကျပြီး စီးပွားရေး အကြီးအကျယ် ထိခိုက်ပျက်စီးသွားခဲ့ရတာမို့ တရုတ်တွေကို “အရှေ့အာရှက လူမမာတွေ” လို့ ပြောစမှတ်ပြုခံံခဲ့ရလောက်အောင် ဘိန်းရဲ့ဒဏ်ကို ခံခဲ့ကြရပါတယ်။

ကဲ အခု မြန်မာနိုင်ငံမှာ ဘိန်းနဲ့ မူးယစ်‌ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှု ဘယ်လိုကြီးထွားလာသလဲ ဆိုတာ ကြည့်ကြရအောင်။ မြန်မာနိုင်ငံဘက်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တဟုန်ထိုး မြင့်တက်လာစေတဲ့ အဓိကအကြောင်းတရားကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်ဒေသ အပါအဝင် မြန်မာနိုင်ငံအရှေ့ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေကို ၁၉၄၉ ခုနှစ်က တရုတ်ပြည်တွင်းစစ်ပွဲမှာ မော်စီတုံးရဲ့ ကွန်မြူနစ်တပ်တွေကို စစ်ရှုံးလာတဲ့ တရုတ်အမျိုးသားရေးဝါဒီ ကူမင်တန်တပ်တွေ ယူနန်ပြည်နယ်ဘက်ကနေ ဝင်ရောက်လာခဲ့ရာက စတင်ခဲ့တာပဲ ဖြစ်ပါတယ်။

မြန်မာတွေက တရုတ်ဖြူလို့ခေါ်ကြတဲ့ ကူမင်တန်တရုတ်တွေဟာ ကွန်မြူနစ် တရုတ်နီတပ်တွေနဲ့ ယှဉ်ပြိုင်ရာမှာ လက်နက်အင်အား တောင့်တင်းဖို့နဲ့ တော်လှန်ရေး အောင်ဖို့အတွက် တခုတည်းသောနည်းလမ်းအဖြစ် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို အဓိက စီမံကိန်းချ လုပ်ဆောင်လာခဲ့ကြပါတယ်။ တရုတ်ဖြူ ကူမင်တန်တပ်တွေဟာ လျှို့ဝှက်အခြေစိုက် စစ်စခန်းတွေကို မြန်မာပြည်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသ အပါအဝင် မြန်မာ-ထိုင်း-လာအို ၃ နိုင်ငံထိစပ်ရာ ရွှေတြိဂံဒေသ အနှံ့အပြားမှာ အခြေစိုက် ထူထောင်ခဲ့ကြပါတယ်။

ဒါကြောင့် ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ကူမင်တန်တွေရဲ့လက်အောက်က ရွှေတြိဂံဒေသဟာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ အရင်ကထက် ၁၀ ဆကနေ အဆ ၂၀ လောက်အထိ မြင့်တက်လာခဲ့ပါတယ်။ တနှစ်ကို ဘိန်း တန် ၃၀၀ ထုတ်လုပ်ရာကနေ တန် ၆၀၀ အထိ တိုးမြှင့်ထုတ်လုပ်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မော်စီတုံးတို့ရဲ့ ကွန်မြူနစ်တပ်တွေကို လက်ယာအမျိုးသားရေးဝါဒီ ကူမင်တန်တွေ စစ်ရှုံးလို့ ၁၉၄၉ ခုနှစ်ကတည်းက ရွှေ့ထားတဲ့ ထိုင်ဝမ်ကျွန်းကို အပြီးဆုတ်ခွာသွားပေမဲ့လည်း အဲ့ဒီဒေသတွေဟာ ဘိန်းစိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူးရာ ထိပ်တန်းဒေသတွေ ဖြစ်လာခဲ့တယ်။

၁၉၅၀ နှစ်များအတွင်းက ကိုးကန့်ဒေသကို အုပ်ချုပ်နေသူမှာ ကူမင်တန်အဖွဲ့ရဲ့ ကျောထောက်နောက်ခံရှိတဲ့ အောလစ်ဗ်ယန်းဆိုတဲ့ စစ်ဘုရင်မ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက် ဘိန်းတွေတင်ပို့နေရာက ၁၉၆၁ ခုနှစ်တွင် အောလစ်ဗ်ယန်း အဖမ်းခံခဲ့ရပြီးတော့ သူမအစ်ကိုဖြစ်သူ ဂျင်မီယန်း ဆက်ခံပြီး ဘိန်းလုပ်ငန်း ဆက်လုပ်ခဲ့ပါတယ်။ ဂျင်မီယန်းကို သူရဲ့လက်အောက်ခံ တပ်မှူးတဦးဖြစ်တဲ့ လော်စစ်ဟန်က ဖြုတ်ချခဲ့ပါတယ်။ လော်စစ်ဟန်ဆိုတာ Asia World ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ စတီဗင်လော (ခေါ်) ဦးထွန်းမြင့်နိုင်ရဲ့ဖခင် ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်မှာ အရပ်သားအစိုးရထံက အာဏာလုယူခဲ့တဲ့ စစ်ဓားပြနေဝင်းဟာ လော်စစ်ဟန်ကို ဘိန်းစိုက်ခွင့်ပေး စည်းရုံးခဲ့ရာက မြန်မာနိုင်ငံမှာ ဘိန်းလုပ်ငန်း ကြီးကျယ်လာခဲ့ပြီး ဘိန်းဘုရင် လော်စစ်ဟန် ဖြစ်လာခဲ့ပါတယ်။ စစ်ဓားပြနေဝင်းရဲ့ အာဏာလု စစ်အစိုးရဟာ ‌ဗမာပြည်ကွန်မြူနစ်ပါတီ၊ ရှမ်းနဲ့ တခြားလက်နက်ကိုင်တွေကို တိုက်ဖို့ ရှမ်းပြည်နယ်ထဲက သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေအားလုံးက လမ်းတွေမှာ နေဝင်းဦးဆောင်တဲ့ မြန်မာစစ်တပ်က ငွေရှာဖို့အတွက်နဲ့ ဒေသခံလက်နက်ကိုင်တွေကို ဖြိုခွင်းဖို့ ဘိန်းကုန်စည်ကူးသန်းမှုတွေ တရားဝင်လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။

ရှမ်းပြည်နယ်မှာ အခြေစိုက်တဲ့ စစ်ဓားပြတပ်တွေဟာ ကိုယ့်တပ်တွေအတွက် ကိုယ် ငွေရှာနိုင်အောင် ရည်ရွယ်ပြီး ဘိန်းကုန်ကူးမှုကို တရားဝင်လုပ်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ မြန်မာဘိန်းတပ်မ‌တော်က စစ်ဗိုလ်ယုတ်ကြီးတွေ ဘိန်းနဲ့ ချမ်းသာကုန်ကြပါတယ်။ ရွှေတြိဂံဒေသမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဘိန်းဘုရင်တွေဖြစ်တဲ့ လော်စစ်ဟန်နဲ့ ခွန်ဆာတို့ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

နေဝင်းရဲ့ စစ်ဓားပြတပ်နဲ့ မဟာမိတ်လုပ်ပြီး လော်စစ်ဟန်က ကိုးကန့်ဒေသကို အခြေပြုပြီး ခွန်ဆာက လွိုင်မော်ဒေသ ဗဟိုပြုလို့ ဘိန်းခင်းတွေ တိုးချဲ့၊ ဘိန်းလုပ်ငန်းတွေနဲ့ ချမ်းသာကြီးပွားခဲ့ကြတာ ဖြစ်ပါတယ်။ လော်စစ်ဟန်ကို ထိုင်းစစ်တပ်က မြန်မာနိုင်ငံအတွင်း ဝင်ဖမ်းခဲ့ပြီး မြန်မာနိုင်ငံသားဖြစ်တာမို့ မြန်မာနိုင်ငံကို ပြန်အပ်ခဲ့တာမို့ စစ်ဓားပြဗိုလ်နေဝင်း အရှက်ကွဲခဲ့ရပါသေးတယ်။ မတတ်သာတော့ဘဲ ၁၉၇၃ ခုနှစ်မှာ တသက်တကျွန်း ဟန်ပြထောင်ဒဏ် အပြစ်ပေးခဲ့ပြီး ၁၉၈၀ ခုနှစ်မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဖန်တီးလို့ ပြန်လွှတ်ပေးခဲ့ပါတယ်။

အဲ့ဒီနောက် ၁၉၈၈ ခုနှစ်မှာ အာဏာထပ်လုခဲ့တဲ့ နဝတ စစ်ဓားပြအစိုးရ‌ တက်လာတဲ့အခါ ထောက်လှမ်းရေးမိစ္ဆာ ခင်ညွန့်တို့က လော်စစ်ဟန်ကို ဘိန်းလုပ်ငန်းက ရခဲ့တဲ့ နိုင်ငံခြားငွေတွေ တရားဝင်ပိုင်ဆိုင်ခွင့် ပေးခဲ့တာမို့ ရန်ကုန်မှာ အချမ်းသာဆုံး လုပ်ငန်းရှင်ကြီး ဖြစ်လာရုံသာမက ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထား ပူဇော်ကြတဲ့ လေးဆူဓာတ်ပုံ မြတ်ရွှေတိဂုံ စေတီတော်ရဲ့ ရာသက်ပန် ဂေါပကအဖြစ် ဘိန်းဘုရင်ကို သူကောင်းပြုခဲ့ပါ‌သေးတယ်။

ဘိန်းရာဇာနဲ့ ကျေးဇူးခံ ကျေးဇူးစား ထောက်လှမ်းရေး ခင်ညွန့်လည်း အဲ့ဒီအခါက အစပြုလို့ ပြည်တွင်းပြည်ပ နိုင်ငံတကာနယ်ပယ်ထဲမှာ ဖိုးခင်ညွန့် (No.4) လို့ အမည်ဆိုးရခဲ့သလို သူတို့လက်ထက် မြန်မာနိုင်ငံ ခရီးသွားနှစ် အထိမ်းအမှတ်အဖြစ် နိုင်ငံခြားခရီးသွားတွေ လာအောင် ဆွဲဆောင်တဲ့ ကြော်ငြာအဖြစ် ဟံသာဝတီအဝိုင်းအလယ်မှာ ပြထားတဲ့ ဖိုးဝရုပ်တုလက်မှာ ကိုင်ထားတဲ့ လက်ကိုင်အိတ်ဖုံးအမည်းပေါ်မှာ ဟီးရိုးအင်း ဘိန်းဖြူအမှတ်သင်္ကေတ (No.4) ကို တစုံတယောက်က လက်ဆော့ရေးသွားတာမို့ ပြည်သူလူထုက ဟားတိုက်ရီမော ပြောင်လှောင်ခဲ့ကြပါသေးတယ်။

ဘိန်းဘုရင်ခွန်ဆာရဲ့ ဘိန်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ကြတဲ့ ဝလူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့ဟာလည်း နိုင်ငံခြားငွေ ကြွယ်ဝချမ်းသာကြတာကြောင့် ဘိန်းကရတဲ့ ဝင်ငွေတွေကို စစ်ဓားပြတပ်က ဗိုလ်ချုပ်ကြီးတွေ လက်ဝေခံပြီး ဝလူမျိုးစု လက်နက်ကိုင်ခေါင်းဆောင်တွေ ခြေထောက်ကို ဖက်နေကြတာဂာ သမ္မတရူးဖို့ ဘာမဆိုလုပ်ရဲတယ်ဆိုတဲ့ အာဏာလု စစ်ဓားပြ မင်းအောင်လှိုင်တို့တိုင်အောင် ဖြစ်ပါတယ်။

ဒါ‌ကြောင့်မို့လို့လည်း WY လို့ခေါ်တဲ့ ရာဘ / ယာဘ / ရာမ / ယာမ / မြင်းဆေး / ကြယ်သီး / အသီး ဆိုပြီး နာမည်မျိုးစုံ စိတ်ကြွရူးသွပ်ဆေးပြားကို မြန်မာနိုင်ငံထဲကနေ အကြီးအကျယ် ထုတ်လုပ်ဖြန့်ဖြူးတယ်ဆိုတာ ခိုင်လုံတဲ့အချက်ရှိတယ်လို့ ယူဆရတာကြောင့် အမေရိကန် အစိုးရက ဖမ်းမိအောင် သတင်းပေးနိုင်ပါက ဆုတော်ငွေ ဒေါ်လာ ၂ သန်း ပေးမယ်လို့ ကြေညာခံထားရတဲ့ “ဝ” တပ်ဖွဲ့အကြီးအကဲ ‘ပေါက်ယူချန်း’ ကို ပြည်သတ်သမား မင်းအောင်လှိုင်က ငှက်သိုက်ပူပူလေး ဆေးရုံအထိ လိုက်တိုက်ခဲ့တာ လူတိုင်းသိပြီး ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ မျိုးချစ်တပ်မတော်ကို ဘိန်းစားတပ်ဖြစ်သွားအောင် မူလပထမ စစ်အာဏာရှင် တဏှာရူးနေဝင်းက အစပြုလို့ အစိတ်သားသန်းရွှေတို့ ဖိုးခင်ညွန့်တို့ရဲ့ နဝတ၊ နအဖ စစ်ဓားပြ၊ ပြုပြင်‌ပြောင်းလဲရေး မျက်နှာဖုံးစွပ်ခဲ့တဲ့ ကြောင်ချီးသိန်းစိန်တို့ ချိတ်ထဘီဝတ် စစ်တပိုင်းဓားပြနဲ့ အခုနောက်ဆုံး မုသားကျွန် စစ်ဓားပြ မင်းအောင်လှိုင်ရဲ့ မီးရှို့ဓားပြအဖွဲ့အထိ လက်နက်ကိုင် လူမျိုးစု ဘိန်းကုန်သည်တွေနဲ့ ပုလင်းတူ ဘူးဆို့ ‘လက်ဝေခံခဲ့ရုံသာမက မူးယစ်ဆေးဝါးနဲ့ ဘိန်းလုပ်ငန်းရဲ့ နောက်ကွယ်က ပံ့ပိုးကူညီကြတဲ့ လက်မည်းကြီးတွေ’ ဖြစ်ခဲ့ကြပါတယ်။

နောက်ဆုံးတော့ မူးယစ်ဆေးဝါးကျွေးပြီး စစ်တိုက်ခိုင်း၊ ပြည်သူကိုသတ်ခိုင်းတာ ခံရရင်း အာဏာရှင် ခါးပိုက်ဆောင်တပ်က လက်ပါးစေ လူမိုက် လူ့အန္ဓ စစ်ဗိုလ် စစ်သား ရဲသားတွေဟာ တစတစ မူးယစ်ဆေးစွဲလာကြတာမို့ မူးယစ်ဆေးဝါးရဲ့ သခင်တပိုင်း ကျွန်ရိုင်းလည်းဖြစ်တဲ့ စစ်ရာဇဝတ်ဂိုဏ်း (သို့) မြန်မာ့ဘိန်းတပ်မတော်လို့ အမည်ပေး ကင်ပွန်းတပ်ရင် မှားမယ်မထင်ကြောင်းပါ။

မင်းကောင်းချစ်

13 mins Ago

May 5, 2023

စစ်အာဏာရှင်အဆိပ်ပင် သက်တမ်း ဘယ်လောက်ကျန်သေးသလဲ

မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ကစလို့ ကံမကောင်း အကြောင်းမလှစွာ ပေါက်ရောက်ရှင်သန်ခွင့်ရလာခဲ့တဲ့ စစ်အာဏာရှင် အဆိပ်ပင်ကြီးဟာ တစတစ ကြီးထွားလာရင်း နှစ်ပေါင်း ၆၀ ကျော် တိုင်းပြည်ကို ကဏ္ဍပေါင်းစုံမှာ အဆိုးဝါးဆုံး ပျက်စီးထိခိုက် နိမ့်ကျစေခဲ့ရာက အခုနောက်ဆုံး ကမ်းကုန်အောင် ယုတ်မာရက်စက်တဲ့အဆင့် ရောက်လာပြီး သက်တမ်းမကုန်ခင် အမြစ်ခြောက် အသက်ပျောက်ရမယ့် လက္ခဏာတွေ ထင်ရှားသထက် ထင်ရှားလာပြီ ဖြစ်ပါတယ်။

ဒီလိုရေးရတာဟာ ကိုယ်ဖြစ်စေချင်တဲ့ဆန္ဒစွဲနဲ့ ရေးတာမဟုတ်သလို အကြောင်းအကျိုးမဲ့ ရေးတာလည်း မဟုတ်ပါဘူး။ စစ်အာဏာရှင် အဆိပ်ပင်ကြီး သက်တမ်းဘယ်လောက် ကျန်သေးသလဲ ဆိုတာကို သက်ရှိသတ္တဝါတွေနဲ့ ရှင်သန်-အဆုံးသတ်ပုံခြင်း ဆင်တူတဲ့ သစ်ပင်တွေ ပုံမှန်သက်တမ်းအတိုင်း မရှင်သန်နိုင်ဘဲ ညိှုးခြောက် သေဆုံးစေရတဲ့ အကြောင်းတရားတွေ နိှုင်းယှဉ်ကြည့်ပြီးမှ ရေးသားခြင်းဖြစ်ပါတယ်။

သစ်ပင်တွေမှာလည်း တခြားသက်ရှိသတ္တဝါတွေလိုပဲ သဘာဝသက်တမ်း (Natural Lifespan) ရှိကြသလို အချိန်မတန်ခင် သက်တမ်းတိုတိုနဲ့ မြန်မြန်ဆန်ဆန် သေဆုံးရတတ်တာလည်း ရှိကြပါတယ်။ တချို့သစ်ပင်တွေဟာ သူ့သက်တမ်းရှိသလောက်‌ ရှင်သန်ကြပေမဲ့ တချို့သစ်ပင်တွေကတော့ ပုံမှန်မဟုတ်ဘဲ လျှင်မြန်စွာ (သို့) ရုတ်တရက် သေဆုံးရတာလည်း ရှိပါတယ်။

သစ်ပင်တွေ ပုံမှန်သက်တမ်းအတိုင်း မရှင်သန်နိုင်ဘဲ သေဆုံးစေတဲ့ အကြောင်းတရားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ မှို၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်တွေကြောင့် အပင်ရောဂါ‌တွေဖြစ်လာရပြီး အမြစ်ပုပ်၊ အခေါက်ပုပ်ပြီး အပင်အတွက်လိုအပ်တဲ့ ရေနဲ့ အာဟာရ မြေဩဇာတွေကို မြေကြီးထဲက စုပ်မယူနိုင်၊ အကိုင်းအခက်အရွက်တွေဆီ အပြန်အလှန် မပို့ဆောင်နိုင်တော့ဘဲ ညိှုးခြောက် သေဆုံးကြရခြင်း၊

၂။ အခေါက်နဲ့ ပင်စည်ကို ထိုးတဲ့ပိုးကောင် (Beetles နဲ့ Tree Borers) တွေ‌၊ အပင်ဖျက် အင်းဆက်ပိုးမွှားတွေ၊ ခူကောင် (Caterpillars) ကြောင့် အခေါက်၊ ပင်စည် အကိုင်းအခက်တွေဟာ သူတို့အလုပ်တွေဖြစ်တဲ့ အပင်ရှင်သန်ဖို့ လိုအပ်တဲ့ အစာရေစာ အာဟာရတွေ သယ်ယူပို့ဆောင်မှုတွေ မလုပ်နိုင်တာ၊ သစ်ရွက်တွေရဲ့ နေရောင်နဲ့ အစာချက်လုပ်မှု (photosynthesize) အလုပ်ကောင်းစွာ မလုပ်နိုင်ဘဲ ညိှုးခြောက်သေဆုံးရခြင်း၊

၃။ လူသားတွေပရောဂနဲ့ ရာသီဥတုပြောင်းလဲခြင်း (Climate Change) ကြောင့် အပူပြင်းထန်လွန်းခြင်း၊ မိုးခေါင်ခြင်း၊ ရေလွှမ်းမိုးတိုက်စားခြင်း၊ ရေထု၊ လေထု၊ မြေထု ညစ်ညမ်းခြင်းကြောင့် သေဆုံးရခြင်း၊

၄။ လူသားတွေရဲ့ စားဝတ်‌နေ‌ရေး၊ စိုက်ပျိုး‌ရေး လိုအပ်ချက်တွေအတွက် တောမီးရှို့ခြင်း၊ လူ့အသုံးအဆောင်အဖြစ် အသုံးပြုဖို့ သစ်ခုတ်ရခြင်း၊ သင်းသတ်ခံရခြင်း၊ မြို့ပြချဲ့ထွင်မှုအတွက် ခုတ်ထွင်ဖယ်ရှားခံရခြင်းတွေကြောင့် သေဆုံးရခြင်း၊

၅။ သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ မုန်တိုင်းကျခြင်း၊ မိုးကြိုးပစ်ချခံရခြင်း တောမီးလောင်ခြင်းတွေကြောင့် သေဆုံးရခြင်း စတာတွေဖြစ်ပါတယ်။

သေဆုံးသွားတဲ့သစ်ပင် (Dead Tree) တွေမှာ အောက်ပါလက္ခဏာတွေ ပြသလေ့ရှိပါတယ်။

၁။ အပင်မှာ အစိုဓာတ်ခန်းခြောက်လာပြီး အခေါက်တွေကွာလာခြင်း၊ ပင်စည်ကွဲအက်လာခြင်း၊

၂။ သစ်ပင်အခြေ၊ အမြစ်အုံတဝိုက် မှိုများပေါက်လာခြင်း၊

၃။ အကိုင်းအခက်များမှာ အတက်နု အညွန့်အဖူးများ မရှိတော့ခြင်း၊

စတဲ့လက္ခဏာတွေပြလာတဲ့ သစ်ပင်ဟာ ၃ လနဲ့ ၁ နှစ်ကြားသာခံပြီး ခြောက်သွေ့ပျက်စီးသွားရမှာ ဖြစ်ပါတယ်။

စစ်အာဏာရှင် အဆိပ်ပင်ကြီးကို မှီတွယ်ရှင်သန်နေကြရတဲ့ စစ်ကပ်ပါးမြှောင် အခွင့်ထူးခံ အသိုင်းအဝိုင်းဟာ သူတို့ရဲ့ စစ်အဆိပ်ပင်ကြီး ရှင်သန်နိုင်အောင်၊ အကြောက်တရား ဖန်တီးအုပ်ချုပ်တဲ့နည်း၊ အခွင့်အ‌ရေးနဲ့မျှား အုပ်ချုပ်တဲ့နည်း၊ တိုင်းချစ်ပြည်ချစ် မျိုးချစ်အတုအယောင်ဝါဒ အားဆေးသွင်းတဲ့နည်း၊ အမျိုးဘာသာ၊ သာသနာ ဗန်းပြ မှိုင်းတိုက်နည်း စတဲ့နည်းအမျိုးမျိုးနဲ့ သက်ဆိုးရှည်အောင် ဆွဲဆန့်ထားခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ဒီစစ်အာဏာရှင် အဆိပ်ပင်ဟာ သက်တမ်းများများစားစား မကျန်တော့တဲ့ လက္ခဏာတွေ ပြသလာရုံသာမက နေ့ချင်းညချင်း ပြိုလဲနိုင်မယ့် အကြောင်းတရားတွေ ထင်ရှားလာပြီ ဖြစ်ပါတယ်။ သစ်ပင်တပင်ရဲ့ ရေသောက်မြစ်က ပုပ်၊ သစ်ခေါက်‌တွေခြောက်ပြီး အလုပ်မလုပ်နိုင်တော့ဘဲ မြေကြီးထဲက ရေအပါအဝင် အာဟာရဓာတ်တွေ မစုပ်ယူနိုင် မရနိုင်တော့သလို စစ်အာဏာရှင်အဆိပ်ပင်ဟာ မြေကြီးနဲ့တူတဲ့ ပြည်သူလူထုအများစုရဲ့ ဝိုင်းဝန်းငြင်းပယ်ဆန့်ကျင်ခြင်း ခံရတာမို့ ရေသောက်မြစ်ပုပ်သွားတဲ့ သဘောပါပဲ။

ပြည်သူလူထုထောက်ခံမှု မရတာကြောင့် အခွန်ကောက်လို့မရ၊ မီတာခပုံမှန်ကောက်လို့မရ အောင်ဘာလေထီ ရောင်းလို့မရ၊ စစ်တပ်ပိုင်ထုတ်ကုန်တွေ အားမပေး၊ ဝိုင်းဝန်းသပိတ်မှောက်ကြတာမို့ အာဟာရမြေဩဇာနဲ့တူတဲ့ ဝင်ငွေရပေါက်ရလမ်းတွေ နည်းလာပြီး ဘတ်ဂျက်လိုငွေတွေ ကြီးမား တနေ့တခြား ဘဏ္ဍာချို့တဲ့လို့ ညိှုးခြောက်လာနေတာ အားလုံးမြင်တွေ့နေကြရပါတယ်။

သစ်ပင်က အကိုင်းအခက်အရွက်တွေ နေရောင်နဲ့အစာချက်လုပ်မှု (photosynthesize) အလုပ်ကို ကောင်းစွာမလုပ်နိုင်သလိုဘဲ ပြည်သူကိုသတ်၊ ရွာလုံးကျွတ်မီးရှို့၊ အရပ်သားပစ်မှတ်တွေကို လေယာဉ်နဲ့ဗုံးကြဲ စတဲ့ တရားမဲ့ ရိုင်းစိုင်းယုတ်မာမှု အကျိုးဆက်တွေဟာ စစ်အာဏာရှင်အဆိပ်ပင်ရဲ့ အကိုင်းအခက်အရွက်တွေနဲ့တူတဲ့ စစ်ဗိုလ် စစ်သား၊ ရဲ၊ စသုံးလုံး၊ အစိုးရဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကို ယိမ်းယိုင်ပျက်ပြားစေခဲ့တာမို့ သူတို့ထမ်းဆောင်ရမယ့် တာဝန်တွေကို မထမ်းဆောင်နိုင်တော့တဲ့ အခြေကို ရောက်လာပါပြီ။ စစ်သား ရဲသားတွေရဲ့ တိုက်ရည်ခိုက်ရည်ကျ၊ စစ်စွမ်းရည် သိသိသာသာ ကျလာတာမို့ အခုဆို PDF တွေ၊ စစ်မှန်တဲ့ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်တပ်တွေနဲ့ အာဏာရှင် ခါးပိုက်ဆောင်စစ်တပ်ရဲ့ စခန်းကုန်းတွေကို အလွယ်တကူ သိမ်းပိုက် အောင်ပွဲခံလာကြတဲ့ သတင်းတွေ ခပ်စိတ်စိတ် ကြားလာကြရပါပြီ။

အရင်တုန်းကဆိုရင် “ငါမသေ ငါ့စခန်းမကျစေရ” လို့ ကြွေးကြော်ခဲ့တဲ့ စစ်ဓားပြတပ်ဟာ အခုဆို အလွယ်တကူ စခန်းကို စွန့်ခွာထွက်‌ပြေးကြ၊ လက်နက်ချ အညံ့ခံလာကြပြီး လက်နက်ကြီးပစ်ကူမပါရင်၊ လေကြောင်းပစ်ကူမပါရင် စစ်မတိုက်ရဲလောက်အောင် စစ်စွမ်းရည်ကျ တိုက်စွမ်းရည်မဲ့လာခဲ့တာ အာဏာလုသက်တမ်း ၂ နှစ်အတွင်း သိသာလာပါပြီ။

ရာသီဥတုပြောင်းလဲခြင်း (Climate Change) ကြောင့် အပူပြင်းထန်လွန်းခြင်း၊ မိုးခေါင်ခြင်း၊ ရေလွှမ်းမိုးတိုက်စားခြင်း၊ မုန်တိုင်းကျခြင်း၊ မိုးကြိုးပစ်ချခံရခြင်းတွေကြောင့် သစ်ပင်တွေ သက်တမ်းတိုတိုနဲ့ သေဆုံးရသလို နိုင်ငံတဝန်းလုံးက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၅၀၀ ကျော်၊ တိုင်းရင်းသားတော်လှန်ရေးတပ်တွေဖြစ်တဲ့ KNU၊ KIA၊ CDF၊ KNPP စတဲ့ EAOs တွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုတွေ၊ မိုင်းဆွဲတိုက်ခိုက်မှု၊ ဒရုန်းချတိုက်ခိုက်မှုတွေကြောင့် စခန်းသိမ်းတိုက်ပွဲတွေကြောင့် စစ်ကြောင်းအလိုက်၊ တပ်ရင်းအလိုက်ပြုတ်ပြီး စစ်ဓားပြတပ်သား ၂ သောင်းကျော်ဟာ သက်တမ်းတိုတိုနဲ့ သေဆုံးခဲ့ပြီးပြီ ဖြစ်ပါတယ်။

စစ်အဆိပ်ပင်ကြီးရဲ့ သစ်ရွက်တွေထဲက Non CDM ဝန်ထမ်းတွေ ဆိုတာကလည်း ပြည်သူကို ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းအလုပ်ကို မလုပ်ကြတော့ အမြစ်ပုပ်၊ အခေါက်ပုပ် သစ်ပင်က သစ်ရွက်ခြောက်များပမာ ပြည်သူ့ထံက တောင်းစားရာက‌နေ ခိုးဆိုးလုယက် ဓားပြတိုက်ယူလာကြတာမို့ လူထုရဲ့ အမုန်းမီးတောက်အောက်မှာ ကျက်သရေခြောက်ကပ်စွာ ညိှုးခြောက်သထက် ညှိုးခြောက်လာနေပြီ ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် အရာရာဟာ ဖြစ်ပြီးပျက်ကြရတဲ့ လောကဓမ္မတာနဲ့ သင်္ခါရတရား သဘောသာလျှင် ရှိတာမို့ ဖြစ်ချိန်တန်ဖြစ်ပြီးရင် ပျက်ချိန်တန်ရောက်ရင် ပျက်ကြရမှာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပြည်သူတွေကို ရာစုနှစ်ဝက်ကျော် ညှဉ်းပန်းနှိပ်စက် ဒုက္ခပေးခဲ့တဲ့ စစ်အဆိပ်ပင်ဟာ သမ္မတရူး မင်းအောင်လှိုင် အာဏာလုယူပြီးတဲ့နောက် သေဆုံးသွားတဲ့သစ်ပင်ကြီး ဖြစ်ပါတယ်။

လက်နက်ကိုင်စစ်တပ်တတပ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ စစ်စည်ကမ်းတွေ အကုန်ဖောက်ဖျက်၊ စစ်သည်တော်ကျင့်ဝတ်တွေ တချက်မကျန်အောင် ကင်းမဲ့သွားတဲ့ စစ်တပ်ဆိုတာ အသက်မဲ့သွားတဲ့ သစ်ပင်ပမာလိုပါပဲ။ စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ တိုက်ခိုက်ရေးစွမ်းရည်၊ ကာကွယ်ရေးစွမ်းရည် စတဲ့ ရှိရှိသမျှစွမ်းရည်တွေ အားလုံး ပျောက်ဆုံးသွားပြီဖြစ်တဲ့ ပြည်သူလူထုက လက်မခံတော့တဲ့ တပ်ပျက်တပ်‌သေကြီး ဖြစ်သွားပါပြီ။

သေသွားတဲ့သစ်ပင်တပင်မှာ ပြတတ်တဲ့ လက္ခဏာတွေဖြစ်တဲ့…

၁။ အစိုဓာတ်ခန်းခြောက်လာပြီး အခေါက်တွေကွာလာ၊ ပင်စည်ကွဲအက်လာတဲ့ လက္ခဏာလို ဓားပြတပ်ကိုစွန့်ခွာပြီး ပြည်သူ့ရင်ကို ခိုလှုံလာတဲ့ CDM  စစ်သည် သောင်းကျော်ရှိလာခြင်း၊

၂။ အပင်အခြေအမြစ်အုံတဝိုက်မှာ မှိုများပေါက်လာတဲ့ လက္ခဏာလို စစ်အဆိပ်ပင်ရဲ့ အမိန့်နာခံမှု အခြေခံအမြစ်အုံမှာ စစ်မတိုက်လိုတဲ့ ငြင်းဆန်မှု၊ တပ်တွင်းအာဏာဖီဆန်မှု မှိုများ ပေါ်ပေါက်လာခြင်း၊

၃။ အကိုင်းအခက်များမှာ အတက်နု အညွန့်အဖူးများ မရှိတာ့တဲ့ လက္ခဏာလို ဓားပြတပ်ထဲကို ဝင်ရောက်လိုတဲ့ တပ်သားသစ်များ မရှိတော့ခြင်း၊

အထက်ပါလက္ခဏာတွေပြနေတဲ့ ပြည်သူ့အမုန်းနဲ့ ကျိန်စာသင့် ဓားပြတပ်ဟာ သေသွားတဲ့ သစ်ပင်ခြောက်တပင်လိုပဲ ၂၀၂၃ ခုနှစ်မကုန်ခင် လပိုင်းအနည်းငယ်အတွင်း ညိှုးခြောက်သထက် ညိှုးခြောက်လာဖို့မှတပါး အခြားမရှိတော့ပါဘူး။ ဒီထက်ပိုမြန်ချင်ရင်တော့ နိုင်ငံသူနိုင်ငံသားတိုင်း မိမိပါဝင်နိုင်တဲ့ နည်းလမ်းတွေမှာ အခုထက်ပို ပါဝင်ကြပြီး သေပြီးသား စစ်အဆိပ်ပင်ကြီး အမြန်ပြိုလဲအောင် ညီညီညွတ်ညွတ် ဝိုင်းတွန်းလှဲကြဖို့လိုပါကြောင်း။

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုသစ် မုချပေါ်ထွန်းရမည်။

မင်းကောင်းချစ်

7 days Ago
Up