“ယခုအခါ သာသနာတော်ကြီး အရည်အချင်းရော၊ အရေအတွက်ပါ လျော့လာတာလည်း ဝိနည်း မကျင့်ကြလို့သာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သာသနာတော်ကို အရင်းပေါ်အောင် ဖော်ရင် ဝိနည်း ကျင့်ကြံကြဖို့ ဖော်ရမှာပဲ"
အထက်ပါ စာစုဟာ ပရိယတ္တိ ပဋိပတ္တိ အရာမှာ ထူးချွန်လှတဲ့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ရေးသားပြုစုခဲ့တဲ့ တဘဝသာသနာ ကျမ်းစာအုပ်၊ စာမျက်နှာ ၄၁၄ ပါ စာစု ဖြစ်ပါတယ်။
သာသနာရဲ့အသက်ဟာ ဝိနည်းဖြစ်ကြောင်း ဗုဒ္ဓက မိန့်မြွတ်ဟောကြားခဲ့သလို ပရိယတ္တိ စာပေကျမ်းဂန် ကျွမ်းကျင်တော်မူလှတဲ့ မဟာဂန္ဓာရုံဆရာတော်ကြီးက ဝိနည်းကို အထူး သတိချပ်ကြဖို့ လှစ်ဟ ရေးသားခဲ့တာပါ။
အာဏာသိမ်းစစ်ခေါင်းဆောင် ကာချုပ်မင်းအောင်လှိုင်လက်ထက်မှာတော့ မြန်မာနိုင်ငံက ဗုဒ္ဓသာသနာဟာ ပျက်စီးနေပြီ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်တွေဟာ နိုင်ငံနဲ့ စစ်တပ်ကို ဖျက်ရုံနဲ့ အားမရဘဲ ဗုဒ္ဓသာသနာကိုပါ ဖျက်ဆီးနေပြီဆိုတဲ့ အချက်ကို (၇၇) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ မြင်တွေ့ကြရပါတယ်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ မန္တလေး ကျုံးပတ်လည်မှာ တပ်မတော်နေ့ အခမ်းအနားအဖြစ် စစ်ရေးပြ ချီတက်လာတဲ့ စစ်ကြောင်းတွေကို ပန်းစည်းကမ်း ကြိုဆိုနေကြတဲ့ သံဃာတချို့ကို ဓာတ်ပုံနဲ့တကွ မြင်တွေ့ကြရတာဟာ ဗုဒ္ဓဘာသာဝင် စင်စစ်တွေရဲ့ စိတ်နှလုံးကို ညှိုးချုံးစေပါတယ်။
ဒါဟာ ဗုဒ္ဓကလျာဏယုဝအသင်းကြီးရဲ့ ဦးသျှောင်အဖြစ် နေရာယူထားတဲ့ ကာချုပ်မင်းအောင်လှိုင် လက်ထက်မှာ ဖြစ်ပျက်နေတာပါ။ အာဏာရှင်ဟောင်း ဦးနေဝင်းနဲ့ ဦးသန်းရွှေတို့ လက်ထက်မှာတောင် ဒီလို မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စရပ်မျိုး မဖြစ်ခဲ့ဖူးပါဘူး။ တပ်ထောက်ခံသူ လျော့နည်းလာတဲ့အပြင် တပ်ကို စွန့်ခွာသူ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် များပြားလာချိန်မှာ ကာချုပ်မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တစုဟာ သံဃာတွေကိုပါ သူတို့ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးအတွက် အသုံးချလိုက်တာပဲ ဖြစ်ပါတယ်။ ဒါဟာ သာသနာရဲ့ အသက်ဖြစ်တဲ့ ဗုဒ္ဓရဲ့ ဝိနည်း နိဿရည်းတွေကို ဆွဲဆုတ်ပစ်လိုက်တာပါပဲ။ ရဟန်းသံဃာတွေဟာ စစ်ချီ၊ စစ်တက်ရာ စစ်ကြောင်းတွေကို ပန်းစည်းကမ်းဖို့ နေနေသာသာ သွားရောက်ကြည့်ရှုဖို့တောင် မသင့်ဘူးလို့ ဗုဒ္ဓက အတိအလင်း ပညတ်တော်မူခဲ့ပါတယ်။ ဒီလို သွားရောက်ကြည့်ရှုတဲ့ သံဃာဟာ ပါစိတ် အာပတ်သင့်ပါတယ်။
ဂေါတမမြတ်စွာဘုရား သာဝတ္ထိပြည်က အနာထပိဏ်သူဌေး လှူဒါန်းတဲ့ ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေစဉ် ပဿေနဒီကောသလမင်းကြီးဟာ စစ်ချီပါတယ်။ ကောသလမင်းကြီး စစ်ချီတယ် ဆိုတဲ့ သတင်းကြားတဲ့ ရဟန်းတွေဟာ စစ်ချီရာ လမ်းကြောင်းဆီ အပြေးအလွှား သွားကြည့်ကြပါတယ်။ စစ်ချီရာ လမ်းတလျှောက်မှာ ရဟန်းတွေကို တွေ့မြင်နေရာတော့ ကောသလမင်း မနေသာတော့ပါဘူး။ စစ်ကြောင်းကို ခေတ္တတန့်ရပ်ကာ ရဟန်းတွေကို တနေရာမှာ စုဝေးစေပြီး ဘာကြောင့် စစ်ချီရာကို လာကြလဲလို့ မေးလျှောက်ပါတယ်။ မင်းကြီးနဲ့ စစ်ကြောင်းကို တွေ့မြင်ချင်လို့ လာပါတယ်လို့ ရဟန်းတွေက ဖြေကြားပါတယ်။ စစ်ချီတာကို လာကြည့်ခြင်းထက် မြတ်စွာဘုရားထံ သွားကာ ဖူးမြော်တရားနာတာက ပိုသင့်မြတ်တယ်လို့ ကောသလမင်းက လျှောက်ထားခဲ့ပါတယ်။ စစ်ချီတက်တာကို လာကြည့်ကြတဲ့ ပြည်သူတွေကလည်း ကိုယ့်အလုပ် မဟုတ်တဲ့နေရာကို လာရောက် ငေးမောကြတဲ့ ရဟန်းတွေကို ကဲ့ရဲ့ကြပါတယ်။ ဒီဖြစ်စဉ်ကို ဂေါတမဗုဒ္ဓ ပြန်လည်ကြားသိတဲ့အခါ ဥယျုတ္တသေနာ သိက္ခာပုဒ်ကို ပညတ်ပါတယ်။
“ရဟန်းသံဃာတို့သည် စစ်ချီရာနေရာသို့ သွားရောက် ကြည့်ရှုခြင်းငှာ မအပ်” ဆိုတဲ့ အဓိပ္ပါယ်ပါ။ ပန်းစည်းကမ်းဖို့ မဆိုထားနှင့်၊ သွားရောက်ကြည့်ရှုရင်ကို ပါစိတ် အာပတ်သင့်ပါတယ်။ သတ္တဝါတို့အား ညှဉ်းဆဲသတ်ဖြတ်ခြင်း လုံးဝ မပြုရတဲ့ သံဃာတွေဟာ လူသတ်မှု ပြုရတဲ့ စစ်သည် ရဲမက်တွေကို အားပေးအားမြှောက်ပြုတာဟာ စိတ်နဲ့ သတ်ဖြတ်ခြင်း ကျူးလွန်နေတာပဲ ဖြစ်ပါတယ်။
ကာချုပ်မင်းအောင်လှိုင်လက်ထက်မှာ သံဃာတွေကို ခေါ်ယူပြီး စစ်ချီလမ်းကြောင်းကို အားပေးခိုင်းရုံတင် မကပါဘူး။ သံဃာတွေကို သေနတ်ပစ်သင်ပေးပြီး သင်္ကန်းဝတ်ကြီးနဲ့ လက်နက်ပါ ကိုင်ခိုင်းနေတာပါ။ ပြည်သူ ပြည်သူချင်း ပြန်သတ်ဖို့သာမက သံဃာက ပြည်သူကို သတ်ဖို့အထိ မင်းအောင်လှိုင်က အားထုတ်နေတာပါ။ ဒီကိစ္စမှာ စစ်တပ်ထောက်ခံသူတချို့က PDF တွေထဲမှာရော ဘုန်းကြီး သေနတ်ကိုင် မရှိဘူးလားလို့ ဦးသောပါက တဖြစ်လဲ ဗိုလ်သံမဏိကို ပြညွှန်းပြီး စောဒကတက်ကြပါတယ်။ တကယ်တော့ သတင်းဌာနတွေက ဦးသောပါက ခေါ် ဗိုလ်သံမဏိလို့ သုံးနှုန်းကြတာကို အထင်အမြင်လွဲနေကြတာပါ။ တကယ်တော့ တချိန်က သံဃာ ဦးသောပါကဟာ လူဝတ်လဲပြီးမှ လက်နက်ကိုင်ခေါင်းဆောင် ဗိုလ်သံမဏိ ဖြစ်လာတာပါ။ သူ့ကို စွပ်စွဲတဲ့ အမှုတွေအပေါ် သတင်းဌာနတွေက မေးမြန်းလို့ ဖြေကြားရာမှာ “ဦးဇင်းက (သို့) ကိုယ်တော်က” လို့ သူ့ကိုယ်သူ နာမ်စားပြု မဖြေကြားတာကို သတိချပ်မိသူတိုင်းက တချိန်က ဦးသောပါကဟာ အခု လူဝတ် ဗိုလ်သံမဏိဖြစ်နေတာကို သဘောပေါက်ကြမှာပါ။
မြန်မာ့လွတ်လပ်ရေးအတွက် ဗမာ့လွတ်မြောက်ရေး တပ်မတော် (BIA) ဖွဲ့စဥ်ကလည်း သင်္ကန်းချွတ် လူဝတ်လဲပြီး BIA ထဲ ဝင်ခဲ့သူတွေ ရှိခဲ့ပါတယ်။ ဒါက မဆန်းပါဘူး။ မင်းအောင်လှိုင် ဖော်ရှိုးလုပ်တဲ့ သံဃာတွေလို သင်္ကန်းဝတ်နဲ့ လက်နက်ကိုင်နေတာ မဟုတ်ပါဘူး။ သာသနာပြုသူဆိုတဲ့ မင်းသားခေါင်း ဆောင်းချင်လှတဲ့ စစ်ဘီလူး မင်းအောင်လှိုင်ကတော့ သင်္ကန်းဝတ်တွေ လက်ထဲ သေနတ်အပ်ပြီး ဗုဒ္ဓရဲ့ ဝိနည်းတော်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖျက်ပစ်နေပါတယ်။ သူ့ကိုယ်ကျိုးစီးပွား အောင်မြင်ရေးအတွက်ဆိုရင် နိုင်ငံနဲ့ စစ်တပ်ကိုသာမက သာသနာကိုပါ ချနင်းပစ်မယ့် စစ်ဘီလူး မိစ္ဆာကောင်ပါပဲ။
မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုဟာ တချိန်က ဦးသန်းရွှေ အာဏာသိမ်းသလို စစ်ဗိုလ် စစ်သား ကောင်းစားမယ်လို့ မျှော်မှန်းထားသူတွေဟာ ဒေဝဒတ်နောက်လိုက်တွေလို ဖြစ်မှာပါ။ ဦးနေဝင်း၊ ဦးသန်းရွှေတို့ အာဏာသိမ်းပုံက ပြည်သူကြိုက်ခြင်း မကြိုက်ခြင်းက တကန့်ထားပြီး ရှုမြင်ကြည့်ရင် ရှင်းလင်းပြတ်သားတယ်လို့ ပြောလို့ရပါတယ်။ ဖဆပလခေတ် ပြည်တွင်းမငြိမ်သက်မှုကို အကြောင်းပြပြီး ဦးနေဝင်း အာဏာသိမ်းတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံကို ဖျက်သိမ်းကြောင်း ကြေညာတယ်။ သူ့စိတ်ကြိုက် ၁၉၇၄ ဖွဲ့စည်းပုံကို ရေးဆွဲ ပြဋ္ဌာန်းတယ်။ ဦးသန်းရွှေတို့ကလည်း ၁၉၈၈ မှာ အာဏာသိမ်းတယ်၊ ဦးစောမောင်ကို ဖြုတ်ချပြီး အာဏာလွှဲပြောင်းယူတယ်။ ၁၉၇၄ ဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာပြီး ၂၀၀၈ ဖွဲ့စည်းပုံကို အချိန်ယူ ရေးဆွဲတယ်။ ပြည်သူ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကြားကာလမှာ စစ်တပ်အကျိုးစီးပွားကို ဖော်ဆောင်နိုင်တယ်။ တပ်က အရာရှိတွေ အရပ်ဘက်ကို ကူးပြောင်းပြီး ကိုယ်ကျိုးစီးပွား ရှာခွင့် သာခဲ့ကြတယ်။
တတိယမြောက် အာဏာသိမ်းကာချုပ် မင်းအောင်လှိုင်ကတော့ မိန်းမရွှင် အာဏာသိမ်းနည်းနဲ့ သိမ်းထားတာ ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း မဖြိုဖျက်ရဲပါဘူး။ ဒီလို ဖွဲ့စည်းပုံကို မဖျက်ရဲတဲ့အတွက် ဦးနေဝင်း၊ ဦးသန်းရွှေတို့လို စစ်တပ်အကျိုးစီးပွား ဖော်ဆောင်ပေးနိုင်မှာ မဟုတ်ဘူးဆိုတာကို တပ်တွင်းက အရာရှိကြီးငယ်များ နားလည် သဘောပေါက်ဖို့ လိုပါတယ်။ သူတို့ရဲ့ ကိုယ်ကျိုးစီးပွား အပြည့်အဝသိမ်းထုတ်ပြီး မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တချို့ဟာ ပါတီတခုခုရဲ့ အရိပ်အောက် ခိုလှုံပြီး အရပ်သားအစိုးရအဖွဲ့ဝင်များအဖြစ် အရှင်ထွက် ထွက်သွားမှာပဲ ဖြစ်ပါတယ်။ စစ်တပ်ထဲက အရာရှိတွေကတော့ လူမလေး ခွေးမခန့်တော့တဲ့ စစ်တပ်ထဲ ကျန်ခဲ့ရပြီး ဘာခံစားခွင့်မှရမှာ မဟုတ်ပါဘူး။ ဘယ်အရပ်ဘက်ဌာနကိုမှလည်း ကူးပြောင်းခွင့်သာမှာ မဟုတ်ပါဘူး။ ဒါဟာ မင်းအောင်လှိုင်ရဲ့ မိန်းမရွှင်အာဏာသိမ်းမှုရဲ့ အကျိုးဆက်ပဲ ဖြစ်ပါတယ်။
၇၇ နှစ်မြောက် တပ်မတော်နေ့မှာ မိန်းမရွှင်အာဏာသိမ်း ကာချုပ်မင်းအောင်လှိုင်ဟာ တပ်တွင်း စည်းလုံးရေးကို အလေးထားဖို့လိုကြောင်း၊ ဖြိုခွဲလိုသူများရဲ့ အကြံအစည်တွေကို သတိပြုကြဖို့ လိုကြောင်း တတွင်တွင် ပြောဆိုသွားပါတယ်။ သူ့ပြောဆိုချက်တွေဟာ ရှင်ကြီးဂေါတမက ငါတို့သံဃာတွေကို သင်းခွဲနေတယ်လို့ ပြန်လှန်ယိုးစွပ်ပြီး လူမိုက်နောက်လိုက် စုဆောင်းတဲ့ ဒေဝဒတ်လိုပါပဲ။ တကယ်တမ်း စစ်တပ်ကို ရစရာမရှိအောင် နောက်ဆုံးဖြိုဖျက်ပစ်နေတာ မင်းအောင်လှိုင်ပါ။ သူ့ကိုယ်ကျိုးစီးပွား ကာကွယ်ရေးသက်သက်အတွက် နိုင်ငံနဲ့ စစ်တပ်ကို နင်းတက်နေတာပဲ ဖြစ်ပါတယ်။
ဂေါတမ ဗုဒ္ဓမြတ်စွာက မင်္ဂလာတရားတော်ထဲမှာ ‘အသေဝနာစဗာလံနာ’ လူမိုက်ကို ချဉ်းကပ် ပေါင်းသင်း မှီဝဲခြင်း မပြုရာလို့ မိန့်မြွက်ဟောကြားတော်မူခဲ့ပါတယ်။ နိုင်ငံနဲ့ စစ်တပ်ကိုသာမက သာသနာကိုပါ ဖျက်နေပြီဖြစ်တဲ့ ဗာလာနံ မင်းအောင်လှိုင်ကို ယုံကြည်ကိုးစား နောက်လိုက် လုပ်နေကြလျှင်ဖြင့် ........ ။
မင်းစစ်အောင်
မတ် ၁၁ ရက်နေ့က ဖြစ်သည်။
မနက်ခင်း ၈ နာရီခန့်က ဖုန်းတစ်ခု ဝင်လာသည်။
ကိုဟန်သိန်းထိုက် မြောက်ဥက္ကလာပဆေးရုံကြီး၊ အရေးပေါ်လူနာဌာန ရောက်နေပြီဟု ကိုမြင့်အောင်က လှမ်းပြောသည်။ ကြားရသည့်သတင်းက မယုံနိုင်စရာ သူ့ကိုယ်ကို အန္တရာယ်ဖြစ်မှာ အလွန်စိုးရိမ်တတ်သော ကိုဟန်သိန်းထိုက် ကားပေါ်ထိုင်နေစဉ်မှာပင် ကွန်တိန်နာတင်ကားက ဝင်တိုက်၍ အပြင်းအထန်ဒဏ်ရာရသွားသည်တဲ့။
ထိုကားတိုက်မှု သတင်းကိုတော့ အိပ်ရာထသည်နှင့် Facebook ဖွင့်ကြည့်တတ်သည့် သတင်းသမားဟောင်း ကျနော် သိနှင့်နေပါသည်။ တောင်ဒဂုံမြို့နယ်၊ မောင်းမကန်လမ်းပေါ်ရှိ ဂက်စ်ဆိုင်တွင် ဂက်စ်ဖြည့်ရန် တန်းစီစောင့်ဆိုင်းနေကြသည့် တက္ကစီယာဉ်များကို ကွန်တိန်နာတင်ယာဉ်က ဝင်တိုက်မိခြင်း ဖြစ်သည်။
အတိုက်ခံရသော ကားငါးစီးထက်မနည်းရှိပြီး တစ်ဦးပွဲချင်းပြီး ကွယ်လွန်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရှိသူ ငါးဦးရှိကြောင်း မီးသတ်တပ်ဖွဲ့က ကနဦး သတင်းထုတ်ပြန်ထားသည်။ ထိုအတိုက်ခံရသည့် ကားများထဲတွင် ကိုဟန်သိန်းထိုက် ပါသွားခြင်းဖြစ်၏။
ကိုဟန်သိန်းထိုက်နှင့် ဖုန်းလှမ်းဆက်သည့် ကိုမြင့်အောင်တို့က သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူများ ဖြစ်သည်။ စိတ်ဖိစီးမှုများသော သတင်းလောကကို ကျောခိုင်းပြီး ကျနော် တက္ကစီ မောင်းနေစဉ် သိကျွမ်းမိသော ကိုယ်ပိုင်တက္ကစီယာဉ်မောင်းများ ဖြစ်သည်။ အသားဖြူဖြူ ကိုယ်ဟန်နွဲ့နွဲ့နှင့် ကိုဟန်သိန်းထိုက်က စိုးရိမ်စိတ်ကြီးတတ်သူ။ လမ်းအတွင်း တော်ရုံ ယာဉ်ကြောရှုပ်နေလျှင်ပင် ဝင်မတိုးဘဲ ယာဉ်ကြောရှင်းသည်အထိ ရပ်စောင့်တတ်သူ။ ရန်ကုန်-မန္တလေး အမြန်လမ်းတွင်ပင် ကီလိုမီတာ ၇၀ ထက် ကျော်မောင်းလေ့မရှိသူ။ သူ့ကားကို ထိမှာ နှမြောသလို လူကိုထိမှာလည်း စိုးရိမ်တတ်သူ။ စစ်တပ်က အာဏာသိမ်းပြီးနောက် တက္ကစီသမားတွေ ဟွန်းတီးသပိတ် ပြုလုပ်စဉ်ကလည်း တချက်ကလေးမျှ မတီးရဲခဲ့သူ။
သင်္ဃန်းကျွန်း၊ ဇဝနလမ်းဆုံရှိ တက္ကစီဂိတ်မှ အခြားယာဉ်မောင်းများက
“ကိုဟန်သိန်း .... ခင်ဗျားလည်း တီးလေ” ဟု ဆော်ဩလျှင်တောင်—
“တော်ပါပြီဗျာ၊ အလကားနေရင်း ထောင်ကျမခံနိုင်ပါဘူး” ဟု ယတိပြတ်ငြင်းခဲ့သူ။ သူများတွေ စီတန်းလှည့်လည် ဆန္ဒပြကြတော့လည်း မလိုက်လိုဟု ခြေကန်ငြင်းတတ်သူ။
တာမွေနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များအတွင်းရှိ ရပ်နားထားသော ကားများကို စစ်တပ်နှင့်ရဲက ရိုက်ခွဲဖျက်ဆီးစဉ်က သူနေထိုင်ရာ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ဘောဂလမ်းလေးက ကားထားရတာ လုံခြုံတယ်ဟု ကြံဖန် ဂုဏ်ယူနေတတ်သူ။
အခုတော့ အဲဒီလိုလူက ရပ်ထားသည့်ကားပေါ်ထိုင်နေရင်း ယာဉ်တိုက်ခံရပြီး ဆေးရုံမှာ အတွင်းလူနာအဖြစ် ရောက်နေပြီတဲ့။
တက္ကစီယာဉ်မောင်းတို့၏ သဘောသဘာဝကို မသိသောသူတို့ကမူ သာမန်ယာဉ်တိုက်မှု တစ်ခုဟုသာ ထင်မှတ်ကြပေလိမ့်မည်။ ယခုဖြစ်စဉ်သည် သာမန် မဟုတ်ပါ။ စစ်အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးက တရိပ်ရိပ်တက်လာခဲ့သည်။ ရုရှား ကျူးကျော်စစ် ဖြစ်သောအခါ ပို၍ပင် တက်လာသည်။ အာဏာသိမ်းမှုကြောင့် ပြိုပျက်သွားသော လူမှုစီးပွားဘဝများထဲတွင် ခြေကုန်လက်ပန်းကျအောင် ကူးခတ်နေရသော တက္ကစီသမားများ စုန်းစုန်းနစ်မြုပ်ကုန်ကြပြီ။
လောင်စာဆီသုံး တက္ကစီ အများအပြား ပြေးဆွဲခြင်း ရပ်နားလိုက်ကြရသည်။ ဂက်စ်နှင့် လောင်စာဆီ နှစ်မျိုးသုံး တက္ကစီယာဉ်မောင်းတချို့လည်း ယခင်ကလို ဂက်စ်ဆီဆိုင်တွင် တန်းစီစောင့်ရတာ ကြာသည်ဟု ဆိုကာ အလွယ်တကူ ဓာတ်ဆီဝယ်ထည့်လိုက်ခြင်းမျိုး မပြုသာတော့။ ဂက်စ်ကိုသာ လုံးလုံးလျားလျား အားထားလာကြရတော့သည်။ အစိုးရပိုင် ဂက်စ်များတွင် ယာဉ်တန်းရှည်ကြီး တမျှော်တခေါ် ဖြစ်လာ၏။ သည်ကြားထဲ လျှပ်စစ်မီးပြတ်တောက်မှုက အချိန်များလာသဖြင့် တချို့ ဂက်စ်ဆိုင်များက ဖြည့်မပေးနိုင်ကြတော့ပေ။ သည်တော့ ဘယ်မြို့နယ်က ဆိုင်မှာဖြင့် မီးလာနေသည်၊ ဂက်စ်ဖြည့်ပေးနေသည်ဆိုသော ရင်ခုန်စိတ်လှုပ်ရှားဖွယ် သတင်းကြီးကို တက္ကစီသမားအချင်းချင်း လက်ဆင့်ကမ်းကာ အပြေးအလွှား သွားရောက် စောင့်ဆိုင်းကြရ၏။ ဂက်စ်ဖြည့်၍ ရပြန်တော့လည်း ပေါင်ချိန်က မပြည့်။ ဤကာလမှာ ဘယ်သူ့ အဖေခေါ်၍ တိုင်လို့ရမည်နည်း။ ဖြစ်သမျှ ငုံ့ခံပေရော့။ တက္ကစီသမားတို့၏ ကာလဒုက္ခ။
မနေ့ညက လျှပ်စစ်မီးလာနေသည်။ ဂက်စ်လည်း ဖြည့်ပေးနေသည်ဟူသော ရင်ခုန်စိတ်လှုပ်ရှားဖွယ် သတင်းကြီးကို ရရှိ၍ ညကြီးမင်းကြီး သွားတန်းစီသော ကိုဟန်သိန်းထိုက် အဖြစ်ဆိုးနှင့် ကြုံသွားရသည်။ ယာဉ်တိုက်မှု ဖြစ်ပွားချိန်က နံနက် ၆ နာရီခန့်တွင် ဖြစ်ခဲ့ခြင်းဖြစ်ပြီး အခင်းမဖြစ်မီ ညပိုင်းကပင် တန်းစီထားသော ဂက်စ်ဖြည့်ကားများ ရှိနေသေးသည်ဆိုတော့ ဆိုးလှပေစွဟုသာ ဆိုရချိမ့်မည်။
တကယ်တော့ ထိုဂက်စ်ဆိုင်သည် ညပိုင်းဆိုလျှင် တက္ကစီယာဉ်များ ဂက်စ်ဖြည့်လေ့ရှိသည့်နေရာ မဟုတ်ပါ။ YBS တချို့တလေသာ မနက်စောစော ဖြည့်ရန် ရပ်နားထားတတ်သည်။ ထိုနေရာသည် ညဆိုပါက အရှင်းကြီး။ ကွန်တိန်နာတင်ကားက မထိန်းချုပ်နိုင်လျှင်တောင် သူ့ဘာသာ လမ်းဘေး ထိုးကျပြီး ကိစ္စပြီးပြတ်ရမည့်နေရာ။ ယခုတော့ …...
ငယ်စဉ်က ရွတ်ဆိုခဲ့ဖူးသော ဆရာကြီး မင်းသုဝဏ်၏
“ရွက်၀ိုင်းရှင်ရှင် ခွက်လက်ခွင်
ပေါက်ပင် ဘာကြောင့်ကိုင်းရတယ် ။
ပေါက်ပင်ကိုင်းကိုင်း ညိုမှိုင်းမှိုင်း
ငွေဗျိုင်းနားလို့ကိုင်းရတယ်။
ပေါက်ပင်ကိုင်းကိုင်း ညိုမှိုင်းမှိုင်း
ငွေဗျိုင်း ဘာကြောင့်နားရတယ်။
ပေါက်ပင်မြစ်ဖျား ရေစပ်နား
ရွှေငါးပေါ်လို့ နားရတယ်။
ပေါက်ပင်မြစ်ဖျားရေစပ်နား
ရွှေငါးဘာကြောင့်ပေါ်ရတယ် ..…"
ဟူသော ပေါက်ပင် ဘာကြောင့်ကိုင်းရတယ် ကဗျာလေးကိုပင် အမှတ်ရလာသည်။
ကိုဟန်သိန်းထိုက်နှင့် ယာဉ်တိုက်မှုအကြောင်း တွေးတော ဆင်ခြင်မိနေစဉ်မှာပင် ကိုမြင့်အောင်ဆီက ဖုန်းဝင်လာပြန်သည်။ ကိုဟန်သိန်းထိုက် ရရှိထိခိုက်ဒဏ်ရာများဖြင့် ကွယ်လွန်ပြီ ဟူ၏။ အတွေးအာရုံလွှာတွင် ကိုဟန်သိန်းထိုက်အပြင် သူ့သမီးနှစ်ဦးနှင့် ဇနီး၊ သမီးနှင့်အတူနေ သူ့ယောက္ခမကြီး၏ မျက်နှာများပါ ပေါ်လာသည်။ ခက်သည်။ ခက်ပြီ။ ကျန်နေခဲ့သည့် မိသားစုလည်း အခက်ပွေကြရတော့မည်။ ကိုဟန်သိန်းထိုက်တွင် မိသားစုရှိသလို ယာဉ်တိုက်မှုအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြသူများတွင်လည်း မိသားစုများ ရှိကြပါလိမ့်မည်။ ဘဝများစွာကို ပျက်စီးစေသည့် ဖြစ်စဉ်။
ဝိဇ္ဇာ၊ သိပ္ပံ ထိုနှစ်ဖြာတွင် သုံးကြလေ့ရှိသည့် စကားတစ်ခုရှိသည်။ Effect (သက်ရောက်မှု) တဲ့။ သူနှင့် သူ့မိသားစု ရှင်သန်ရပ်တည်ရေးအတွက် သူရင်ဆိုင်ရန် ကြောက်လှသည့် စစ်အာဏာရှင်စနစ်၏ သွယ်ဝိုက်သက်ရောက်မှုက ကိုဟန်သိန်းထိုက်ကို တမလွန်ဆီ ဆွဲခေါ်သွားခဲ့ပြီ။ အာဏာရှင် ဆန့်ကျင်မှု မလုပ်လျှင် မည်သည့်အန္တရာယ်မျှ မကျရောက်နိုင်ဟု ထင်ထားခဲ့သော ကိုဟန်သိန်းထိုက် သူချစ်လှသည့် မိသားစုကို ခွဲခွါခဲ့ရပြီ။
ယခု ယာဉ်တိုက်မှုတခုသာ မဟုတ်။ ဂရန်ချထားပေးသော အိမ်များကိုပင် ဖြိုဖျက်ခြင်း၊ အားကာ ဝန်ကြီးဌာနက နှစ်ရှည်အခန်းငှားချထားပြီး နှစ်မစေ့မီမှာပင် ရွှေ့ပြောင်းခိုင်းမှုများသည်လည်း စစ်အာဏာရှင်စနစ်က ကုတ်ခြစ်လိုက်သည့် အဆိပ်လက်သည်းများပင်။
ယေဓမ္မာ ဟေတုပ္ပဘဝါ တေသံ ဟေတုံ တထာဂတော အာဟ
တေသဉ္စ ယောနိရောဓေါ ဧဝံ ဝါဒီ မဟာသမဏော။
မြတ်စွာဘုရားရှင်သည် ရှေးကပြုခဲ့ဖူးသော အကြောင်းတရားကြောင့် ဖြစ်ပေါ်လာကြသော အကျိုးတရားကို ဟောကြားတော်မူသည်။ ထိုအကြောင်းတရားတို့၏ ချုပ်ငြိမ်းရာတရားတို့ကိုလည်း ဟောတော်မူခဲ့ပါသည်။ အကြောင်းကြောင့် အကျိုးဖြစ်၏။ အကြောင်း အကျိုးတရားတို့၏ ဖြစ်ထွန်းရာ အရင်းအမြစ်ကိုရှာ၍ ပယ်သတ်ရာ၏။
ကဲ .... လူဖြစ်လာ၍ နိုင်ငံရေးနှင့် ပတ်သက်နေရသော ကျနော်တို့သည် နိုင်ငံရေးနှင့် မပတ်သက်လိုပါဟု ငြင်းချက်ထုတ်ကာ နေသာသလို နေရုံမျှဖြင့် လွတ်ရိုးလား။
ရင်းမြစ်ကို အမြစ်ဖြတ်ဖို့ မကြိုးစားကြလျှင်ဖြင့် .....….။
မင်းစစ်အောင်
(မှတ်ချက်၊ အမည်များ လွှဲပြောင်းရေးသားထားပါသည်)